▪︎တော်လှန်ရေးရဲဘော် ၂၇ဦး ကျဆုံးခဲ့ဟု အသိပေး
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အမှတ်(၁) စစ်ဒေသ ၌ ဇန်နဝါရီလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၃၀ ကျော်သေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။
စစ်ဒေသ(၁)နယ်မြေများဖြစ်သည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်းတိုက်ပွဲပေါင်း (၃၆၂) ကြိမ် ဖြစ်ပွားခဲ့သည်ဟုဖော်ပြထားသည်။

တိုက်ပွဲ ၃၆၀ ကျော်အနက် ထိတွေ့တိုက်ပွဲ ၂၅၃ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု ၈၂ကြိမ်၊ ဒရုန်းဖြင့် တိုက်ခိုက်မှု ၁၉ ကြိမ် ၊ စစ်ကောင်စီတပ်မှ လေကြောင်း တိုက်ခိုက်မှု ၈ ကြိမ် ပါဝင်ကြောင်း ထုတ်ပြန်ထားသည်။
ယင်းတိုက်ပွဲများ၌ ရန်သူ (၄၃၈) ဦး သေဆုံးကာ ၅၅၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း NUG ကာကွယ်ရေးက ထုတ်ပြန်ခဲ့ပြီး တော်လှန်ရေးရဲဘော် ၂၇ဦး ကျဆုံးကာ ၄၅ ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။
ရန်သူ့ထံမှလက်နက်မျိုးစုံ (၂၅)လက်အပါအဝင်ခဲယမ်းမီးကျောက် အမြောက်အများ သိမ်းဆည်းရမိခဲ့ကြောင်း လည်းသိရသည်။

“နိုဝင်ဘာလကုန်ပိုင်းလောက်စပြီး တပ်ရင်းတွေကို ခရိုင်တပ်ရင်းတွေအဖြစ်ပြောင်းလဲပြီး စစ်ဒေသမှုးကွပ်ကဲမှုအောက်ကို ရောက်အောင်ကြိုးစားခဲ့ကြတယ်။ စွမ်းရည်မြှင့်အောင်လည်း မွမ်းမံတွေထပ်တက်လာရတယ်”ဟု ဂန့်ဂေါခရိုင်တပ်ရင်းတစ်ခုမှ တပ်ရင်းမှူးကပြောသည်.
အဆိုပါတိုက်ပွဲများကို အမှတ်(၁)စစ်ဒေသကွပ်ကဲမှအောက်ရှိ PDF၊ ပကဖနှင့် EROs ပူးပေါင်းအဖွဲ့များက ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဒီမတ်လထဲမှာ စစ်ကောင်စီတပ်က မကွေးတိုင်းထဲကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တာတွေ လုပ်ခဲ့ပါတယ်။ မနှစ်ကလည်း ဒီအချိန်မှာပဲ သူတို့ ထိုးစစ်တွေလုပ်ခဲ့ပါတယ်။
ပခုက္ကူခရိုင်တပ်ရင်းတစ်ခုမှတပ်ရင်းမှူးတစ်ဦးကလည်း” ဒီနှစ်မှာတော့ စစ်ကောင်စီ စစ်ကြောင်းကို ရွာတွေထဲမှာ ကြမ်းချင်တိုင်းကြမ်း၊ ရမ်းချင်တိုင်ရမ်းခွင့်မရအောင် ကာကွယ်ရေးအဖွဲ့တွေက အထိုက်အလျှောက်ဟန့်တားနိုင်ခဲ့ပါတယ်။ တိုက်ပွဲတွေက ပိုမို ပြင်းထန်လာနိုင်ပြီး PDFတွေဘက်ကလည်း အရည်အသွေးမြင့်တက်လာဖို့ ပြင်ဆင်ထားတာတွေလည်းရှိပါတယ်။” ဟုပြောသည်။
