ကရင်နီ(ကယား)ပြည်နယ်တွင် စစ်ကောင်စီတပ်ရင်းတစ်ခုကို ကရင်နီပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ တပ်ရင်းတစ်ရင်းလုံးပြုတ်ပြီး လက်နက်၊ခဲယမ်း အမြောက်အများကို ကရင်နီပူးပေါင်းတပ်က သိမ်းဆည်းရရှိခဲ့သည်။
ကရင်နီပြည်နယ်ရှိ နေရာတစ်နေရာတွင်စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ ၂ လက်အောက်ခံ (ခမရ ၅၁၅ တပ်ရင်း) ကိုကရင်နီပူးပေါင်းတပ်က ပိတ်ဆို့ တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

“ အသေးစိတ်ကို မနက်ဖြန်မှာ ကျွန်တော်တို့ တရားဝင်ထုတ်ပြန်ပေးမယ်။လောလောဆယ် တပ်ဖွဲ့ဝင်တွေ အစည်းအဝေးထိုင်နေပါတယ်” ဟု ကရင်နီအမျိုးသား များကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက People’s Spring သတင်းဌာနသို့ပြောသည်။
People’s Spring ရရှိသော သတင်းဓါတ်ပုံများအရ စစ်သားများသေဆုံးသူများပြားပြီး လက်နက်မျိုးစုံ ၃၀ ကျော်၊ ကျည်မျိုးစုံနှင့်ခဲယမ်းများ၊စစ်တပ်သုံးပစ္စည်းများစွာသိမ်းဆည်းရရှိခဲ့သည်ကိုတွေရသည်။
မတ်ဆန်းပိုင်းကစ၍ စစ်ကောင်စီတပ်က တပ်မ ၅၅၊၆၆၊၇၇၊၉၉ နှင့် ၂၂ အစရှိသည့် တပ်မ ၅ ခု အပြင် စကခ ၂ လက်အောက်ခံ တပ်ရင်းများဖြင့် ကရင်နီဒေသ ကို ထိုးစစ်ဆင်နေသည်။

သို့သော် ထို တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှသေဆုံးသူ ၁၀၀ ထက်မနည်းရှိကာစစ်သုံ့ပန်းခြောက်ဦးကို ကရင်နီပူးပေါင်းတပ်က ဖမ်းဆီးနိုင်ခဲ့သည်။ ထိုအပြင် လက်နက်ခဲယမ်းများစွာကိုလည်း ကရင်နီပူးပေါင်းတပ်များကသိမ်းဆည်းနိုင်ခဲ့သည်။
ထို့အတူ ကရင်နီပူးပေါင်းတပ်မှလည်း ရဲဘော် ငါးဦးခန့် ကျ ဆုံးထားကာ နေ့စဥ် တိုက်ပွဲများ ခုခံနေရမှုကြောင့် ကျည်နှင့်ခဲယမ်းလိုအပ်ချက်များရှိနေ၍ ပြည်သူ့ကာ ကွယ်ရေးတပ်များက ပြည်သူများကို အကူအညီ တောင်းခံထားသည်။
