တိုက်ပွဲ မရှိသည့် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ရာပြည်သူနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) က ထုတ်ပြန်သည်။
ယနေ့(မတ်လ ၂၄ ရက်)က လက်နက်ကြီးများ (၁၀) ကြိမ်ကျော် ပစ်ခတ်ခဲ့ရာမှအမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၁ ဦးပြင်းထန်ဒဏ်ရာရရှိပြီး နေအိမ်တစ်လုံးထိခိုက်ပျက်စီးခဲ့သည်ဟုဆိုသည်။
ထို့အပြင်ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းသို့မည်သည့်တိုက်ပွဲမှ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီစစ်တပ်သည်လက်နက်ကြီးကို နေ့စဉ်နှင့်အမျှ ရမ်းသမ်းပစ်ခတ်လေ့ရှိကြောင်း အသိပေးသည်။

“ မနက် က ၁၀ နာရီလောက်မှာ ဖြစ်တာ။လော လောဆယ်တော့ ထိခိုက်တဲ့သူတွေကိုကုသပေးနေတယ်” ဟု DMO Local PDF တာဝန်ရှိသူက People’s Spring သတင်းဌာနသို့ ပြောသည်။
လက်ရှိ စစ်ရေးအခြေအနေကြောင့်ပြည်သူများအားလုံး သတိကြီးစွာဖြင့် နေထိုင်သွားလာကြရန် DMO-Local PDF က တိုက်တွန်းသည်။

ယမန်နေ့ကလည်းဘောလခဲတွင်စစ်ကောင်စီတပ်ကတိုက်လေယာဥ်ဖြင့်တိုက်ခိုက်၍ပြည်သူ နှစ်ဦးသေဆုံးပြီးသုံးဦးဒဏ်ရာရရှိကြောင်း ဘောလခဲ PDF ကလည်း ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီ ၂၇ ရက်မှ မတ်လ ၁၂ ရက်အထိ နှစ်ပတ်တာကာလအတွင်း ကရင်နီ ဒေသ၌ အရပ်သား ၄၁ ဦးကို သတ်ဖြတ်ကာ ၁၄ ဦးကို စစ်ကောင်စီတပ်က ဖမ်း ဆီးကျူးလွန်ခဲ့ကြောင်း ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်က စုစည်းထုတ်ပြန်ထားသည်။
ယခုလဆန်းပိုင်းကစ၍ ဒီးမော့ဆို ၊ဘောလခဲ၊ဖယ်ခုံ ၊မိုးဗြဲ နှင့် ပင်လောင်း တို့တွင် စစ်ကောင်စီတပ်က တပ်မ ၅ ခုနှင့် အလယ်ပိုင်းတိုင်း တပ်ရင်းများဖြင့် ကရင်နီဒေသအနှံ့ ထိုးစစ်ဆင်နေသည်။
