သန်လျင် (၁၈)ကုန်းစစ်ဆေးရေးဂိတ် ပစ်ခတ်မှုဖြစ်ပြီး ရန်ကုန်ဘက်သွားလာခွင့် ပိတ်ထားဟုဆို
ရန်ကုန်မြို့ အင်းစိန်ဗဟိုအကျဥ်းထောင် ပေါက်ဝအနီး ပေါက်ကွဲမှုဖြစ်ပြီး ပစ်ခတ်သံများကြားရကြောင်း ဒေသခံပြည်သူအချို့က People’s Springသို့ ပြောသည်။
ယနေ့ (မတ် ၂၄ ရက်) နံနက် ၁၁နာရီခွဲခန့်က အင်းစိန်မြို့နယ် ဘုရင့်နောင်လမ်း အင်းစိန်အကျဉ်းထောင်ပေါက်ဝ ဂိတ် (၂)အနီး ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ယင်းဂိတ်ပေါက်မှာ ဝန်ထမ်းအိမ်ရာ ဝင်၊ထွက်ပေါက်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“ အသံတော်တော်ကြီးကို ကျယ်တာ” ဟု ပေါက်ကွဲမှုနှင့်စပ်လျဥ်းပြီး ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သေနတ်ပစ်ခတ်သံ သုံးချက်ထက်မနည်းကြားရပြီး ပစ်ခတ်မှုမှာ ထောင်ဝန်ထမ်းအိမ်ရာအတွင်းမှ ပစ်ခတ် ခြင်းဟု ပြောဆိုမှုများရှိသကဲ့သို့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက လာရောက်ပစ်ခတ်ခြင်းဟုလည်းဆိုကြပြီး ယင်းပစ်ခတ်မှုအား People’s Spring က သီးခြား အတည်မပြုနိုင်သေးပေ။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်ကလည်း အင်းစိန်ထောင်အနီး ပေါက်တောဝမီးပွိုင့်ရှိ စစ်တပ်ဘန်ကာအား မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။
အလားတူ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အင်းစိန်အကျဥ်းထောင်ဗူးဝအပါအဝင် ထောင်ဝင်ထွက်ဂိတ်ပေါက်များအား မြို့ပြပြောက်ကျားတပ်ဖွဲ့များက သေနတ်ဖြင့်ပစ်ခတ်ခြင်း၊ ဗုံးဖြင့်ထုခြင်းအပြင် ဖောက်ခွဲတိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်လေ့ရှိသည်။
အခြားသတင်းတစ်ရပ်အဖြစ် ရန်ကုန်တိုင်း သန်လျင်မြို့နယ်ရှိ (၁၈)ကုန်း စစ်ဆေးရေးဂိတ် ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း သန်လျင်မြို့နှင့်ပတ်သက်သည့် သတင်းများကို ဖော်ပြနေသော Thanlyin Media မှ တာဝန်ရှိသူက ပြောသည်။
“ နေ့လည် ၁ နာရီလောက်က (၁၈)ကုန်းစစ်ဆေးရေးဂိတ်ကိုဝင်ပစ်တယ်သိရတယ်” ဟု ၎င်းကပြောသည်။
အဆိုပါ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရန်ကုန်-သန်လျင် ဆက်သွယ်ထားသည့် တံတားအမှတ် (၁)သန်လျင်တံတားနှင့် တံတားအမှတ် (၂)ကုလားဝဲတံတားတို့ကို စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသည် ဒေသခံများက ပြောသည်။
“ (တန်းစီနေတာ)၂ နာရီရှိပြီ။ ညနေ ၄ နာရီမှ ပြန်ဖွင့်မယ်ကြားတယ်” ဟု ရန်ကုန်ဘက်မှနေ၍ သန်လျင်ဘက်သို့သွားမည့် ယာဥ်မောင်းတစ်ဦးက ယနေ့နေ့လယ် ၃ နာရီခန့်တွင် ပြောသည်။
ရန်ကုန်-သန်လျင် ဆက်သွယ်ထားသည့် တံတားနှစ်စင်းကို စစ်တပ်က ပိတ်ဆို့ထားခြင်းကြောင့် ခရီးသည်တင်ယာဥ်များနှင့် အခြားယာဥ်အများအပြား တံတားများအား ဖြတ်သန်း၍မရဘဲ ယာဥ်ကြောများ ပိတ်ဆို့လျှက်ရှိသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ်အတွင်းက သန်လျင်မြို့ နယ် ဂိတ်ဝမှတ်တိုင်အနီးရှိ ဆက်သွယ်ရေးရုံး၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ကို Soul Takers- Yangon Underground Force က ဗုံးခွဲတိုက်ခိုက်ခဲ့သေးသည်။
ပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်အခြေအနေနှင့် ထိခိုက်မှုကို လူထုနွေဦးအနေဖြင့် သီးခြားမပြုနိုင်သေးပေ။
