ရန်ကုန်မြို့ အင်းစိန်ဗဟိုအကျဥ်းထောင်ရှေ့၌ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူများအား မိသားစုဝင်များ စောင့်ဆိုင်းနေစဥ် ဓာတ်ပုံရိုက်ကူးသည့် ပြည်သူနှစ်ဦးကို စစ်ကောင်စီက ယနေ့ နံနက်တွင် ဖမ်းဆီးစစ်ဆေးခဲ့သည်။
“မနက်က ကောင်လေးနဲ့ ကောင်မလေး တစ်ယောက် ကို ဓာတ်ပုံရိုက်လို့ဆိုပြီး စစ်သားတွေက လာဖမ်းသွားတာပါ။ အရင်လဲ ရိုက်နေကြတာ တွေ့နေရတာပါပဲ အခုမှ ဘာဖြစ်မှန်းမသိ ဖမ်းသွားတာပါ။ အခုတော့ ပြန်လွတ်လာပြီလို့ သိရပါတယ်။ အင်းစိန်ထောင်နား တစ်ဝိုက်မှာတော့ အရပ်ဝတ်တွေနဲ့ရော အများကြီး စောင့်နေတာ တွေ့ရပါတယ် “ဟု အင်းစိန်အကျဥ်းထောင်အနီးရောက်ရှိနေသည့် ပြည်သူတစ်ဦးက ပြောသည်။
ယနေ့တွင် (၁၀၂)နှစ်မြောက် အမျိုးသားနေ့ကို ဂုဏ်ပြုသည်ဟုဆိုကာ စစ်ကောင်စီအဖွဲ့က ၎င်းတို့ မတရားဖမ်းဆီးအကျဥ်းချခံထားရသူများအပါအဝင် အကျဥ်းသား ငါးထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်တွင် မတရားဖမ်းဆီးအကျဥ်းချခံရသော နိုင်ငံခြားသား လေးဦး ပါဝင်ခဲ့သည်။
