ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ဇိုမီးလက်နက်ကိုင်တပ်(ZRO/ZRA)တို့ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ ZRAတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးခဲ့သည်ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။
မြန်မာ -အိန္ဒိယ နယ်စပ် ချင်းပြည်နယ် တီးတိန်းမြို့နယ်ရှိ CNA တပ်မဟာ(၄)နယ်မြေ၌ မတ်လ ၂၃ရက်က တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။
” မနေ့က ကျနော်တို့ တပ်မဟာ(၄) ဂွင်ထဲဝင်လာတဲ့ ZROနဲ့ တိုက်ပွဲဖြစ်တာပေါ့ ။အဲဒီမှာ သူတို့ဘက်က တစ်ယောက်ကျပြီးတော့ သုံးလေးယောက်တော့ ဒဏ်ရာရတယ်။ လက်နက် တစ်လက်နဲ့ ကျည်ဆံ တွေရရှိထားတယ်။ ဘာလို့လည်းဆို ZROက စစ်ကောင်စီနဲ့ ပူးပေါင်းနေတာဖြစ်တယ်။ အဲဒါကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေစုစည်းတဲ့ CJDCကနေမှ အကြမ်းဖက် အဖွဲ့လို့ ကြေညာထားတာရှိတယ်။ ပေါ်လစီမတူတော့ အဲဒါက စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့အဖွဲ့အစည်းဆိုတော့ တိုက်ခိုက်ဖို့ပေါ့”ဟု ဆလိုင်းထက်နီက ပြောသည်။
ZRA အနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းပြီး ချင်းပြည်ကာကွယ်ရေးပူးပေါင်းကော်မတီ(CJDC) အဖွဲ့ဝင် လက်နက်ကိုင်တပ်များကို တိုက်ခိုက်နေ၍ စစ်ရေးအရဆောင်ရွက်ခြင်းဖြစ်သည်ဟုဆိုသည်။
