ထီးချိုင့်မြို့နယ် ဇီးကုန်းရွာအနီးတိုက်ပွဲတွင်ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ PDF ပူးပေါင်းတပ်ဖွဲ့များ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က ၃၀ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများကို အထမ်းဖြင့် သယ်ထုတ်သွားကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။
ကသာ-ထီးချိုင့်လမ်း၊ ကျောက်မှော်အုပ်စု၊ ဇီးကုန်းရွာမှ ကြက်ခြံဝင်းတစ်ခုတွင် ဝင်ခိုနေသော စစ်ကောင်စီတပ်ကို ယမန်နေ့(မတ်လ ၂၀ရက်) နံနက် ၇နာရီ ခွဲခန့်တွင် KIA၊PDF ပူးပေါင်းတပ်ဖွဲ့က ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“ ဝင်းအောင်ရဲ့ ကြက်ခြံမှာကျွန်တော်တို့ ဝင်အုပ်တာ။ ဒဏ်ရာရတွေကို အထမ်း ၁၁ထမ်းနဲ့ သယ်သွားတယ်။ ၃၀လောက် ပြုတ်သွားတယ်” ဟု အထက်ပါရဲဘော်ကPeople’s Spring သတင်းဌာနသို့ပြောသည်။
စစ်ကောင်စီတပ်သေဆုံး၊ဒဏ်ရာရမှုအခြေအနေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။
ဝင်းအောင်ဆိုသူသည် စစ်ကောင်စီစစ်ကြောင်းများ လာတိုင်း ၎င်း၏ ခြံတွင် လက်ခံထားလေ့ရှိသူဟု ဒေသခံများကပြောသည်။ စစ်ကောင်စီတပ်စစ်ကြောင်းသည် တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းအချို့မှဖြစ်ကြောင်း သိရသည်။
“ ကျွန်တော်တို့ဘက်ကတော့ KIA တပ်ရင်း(၉) ဦးဆောင်မှုနဲ့ ချနေတာ။ စစ်ကြောင်းက အထမ်းတွေနဲ့ ဆက်ထွက်သွားတယ်” ဟုPDFတစ်ဦးကလည်းပြောသည်။
တိုက်ခိုက်ခံရသောစစ်ကြောင်းသည်ယနေ့(မတ်လ ၂၁ရက်)တွင် ကျောက်မှော်ကျေးရွာအနီး စိုးထက်ကျော်ထန်းတဲတွင် ရောက်ရှိနေကြောင်းဒေသခံများကပြောသည်။
ထိုစစ်ကြောင်းသည်ကျောက်မှော်ရွာ ဒေသခံအမျိုးသားနှစ်ဦးနှင့်နန့်အင်းရွာမှ အမျိုးသားတစ်ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်းလည်းဒေသခံအချို့ကပြောသည်။
စစ်ကောင်စီတပ်သည်ထီးချိုင့်နယ်ကိုမတ်လဆန်းကစ၍ စစ်ကြောင်းထိုးနေပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မကြာခဏတိုက်ပွဲဖြစ်နေသည်။
မတ်လ ၉ရက်က ထီးချိုင့်မြို့ ကျောက်မှော်ရွာ အနောက်ပိုင်းရှိပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းတစ်ခုကို စစ်ကောင်စီတပ်က စီးနင်းတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် ကားနှင့်ဆိုင်ကယ်အချို့ ဆုံးရှုံးခဲ့ရသော်လည်းပြည်သူ့ကာကွယ်
ရေးတပ်ဖွဲ့ဝင်များ အချိန်မီ တိမ်းရှောင်နိုင်ခဲ့သည်။ အဆိုပါPDFစခန်းတစ်ခုကိုသိမ်းယူခံရပြီးနောက် အိမ်ခြေ ၆၀၀ ခန့်ရှိသော ကျောက်မှော်ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်။
