Connect with us
close

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

တောင်ကိုရီးယားက ဟောလိုဝင်း ပါတီပွဲမှာ လူပိသေဆုံးသူ အရေအတွက် ၁၅၀ ကျော်ထိ မြင့်တက်လာ

ကနဦးမှာတော့ နိုက်ကလပ် တစ်ခုမှာ အဆိပ်မိရာက လူတွေ သေကုန်တယ်လို့ ကောလာဟလတွေ ပျံ့နှံ့လာပေမယ့် ရဲတွေကတော့ လူအရမ်းများလို့ ပိမိကြ၊ အသက်ရှူကျပ်ကြပြီး သေဆုံးကုန်တာလို့ ပြောပါတယ်။ သေဆုံးသူ အများစုဟာ အသက် ၂၀ ကျော် မိန်းကလေးငယ်တွေ ဖြစ်ကြပါတယ်။

နေရာကျဉ်းကျဉ်းမှာ လူတွေ အရမ်းစုပြုံ တိုးဝှေ့ရာက အသက်ရှူမွန်းကျပ်မှု၊ လူအချင်းချင်း ပိမိမှုတွေကြောင့် သေဆုံးသူ ဦးရေဟာ ၁၅၀ ကျော်ထိ မြင့်တက်လာကြောင်း သိရပါတယ်။

ဆိုးလ်မြို့တော်က ပါတီတွေ၊ ပွဲလမ်းသဘင်တွေ ကျင်းပလေ့ရှိတဲ့ ရပ်ကွက်တစ်ခုမှာ ၃ နှစ်အတွင်း ပထမဆုံးအကြိမ် ကျင်းပတဲ့ ဟောလိုဝင်း ပွဲတော်မှာ အခုလို ထိတ်လန့်စရာ ဖြစ်ရပ်ဆိုးကြိးနဲ့ ကြုံတွေ့လာရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာတော့ ကိုဗစ်ရောဂါ ဂယက်ကြောင့် ဆိုးလ်က ဟောလိုဝင်း ပါတီကို မကျင်းပဖြစ်ခဲ့ကြပါဘူး။

အောက်တိုဘာ ၂၉ ရက် ညပိုင်းက အီထယ်ဝေါင် ရပ်ကွက်မှာ လူတွေ ရုတ်တရက် အသက်ရှူကျပ်၊ နှလုံးရပ်ပြီး လဲကျသေဆုံးကုန်တယ်ဆိုလို့ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တွေ အလျင်အမြန် သွားရောက်ခဲ့ကြပါတယ်။ သူတို့ ရောက်သွားချိန်မှာ မြင်ကွင်းက ထင်ထားတာထက် အများကြီး ဆိုးရွားနေတာကို တွေ့ခဲ့ရပါတယ်။

အသက်ရှူရပ်ပြီး သတိမလည်တော့တဲ့ သူတွေကို ကယ်ဆယ်ရေး အဖွဲ့တွေနဲ့ တချို့ တတ်ကျွမ်း နားလည်သူတွေက အရေးပေါ် ရှေးဦးသူနာပြု နည်းလမ်းတွေနဲ့ အသက်ကယ်ဖို့ ကြိုးစားပေမယ့် အများစုကို လက်လွှတ်လိုက်ရပါတယ်။ လမ်းဘေး ပလက်ဖောင်းပေါ်မှာ အလောင်းတွေကို အဝတ်စလွှမ်းပြီး တန်းစီ ချထားရာကနေ အရေအတွက် များလွန်းလာတဲ့နောက် အဲဒီနေရာမှာ အလောင်းထားဖို့ ယာယီ ရေခဲတိုက် အဆောက်အအုံ တစ်ခုကိုပါ ချက်ချင်း တည်ဆောက်ခဲ့ရပါတယ်။

အောက်တိုဘာ ၃၀ မနက်အစောပိုင်းထိ စာရင်းတွေအရ ဒီဖြစ်ရပ်ကြောင့် သေဆုံးသူ အရေအတွက် ၁၅၁ ဦးထက်မနည်း ရှိလာပြီး ဒဏ်ရာရသူ ဦးရေကလည်း ၁၅၀ ကျော်ပါတယ်။ ပျောက်ဆုံးနေသူတွေလည်း ရှိသေးတယ်လို့ ယုံကြည်ရပြီး ဒဏ်ရာရသူတွေထဲက ၈၀ ကျော်လောက်ဟာ အခြေအနေ ဆိုးရွား ပြင်းထန်ပါတယ်။ ဆေးရုံရောက်နေသူတွေထဲမှာ နိုင်ငံခြားသားတွေလည်း ပါတယ်လို့ ဆရာဝန်တွေက အတည်ပြုထားပါတယ်။

ကနဦးမှာတော့ နိုက်ကလပ် တစ်ခုမှာ အဆိပ်မိရာက လူတွေ သေကုန်တယ်လို့ ကောလာဟလတွေ ပျံ့နှံ့လာပေမယ့် ရဲတွေကတော့ လူအရမ်းများလို့ ပိမိကြ၊ အသက်ရှူကျပ်ကြပြီး သေဆုံးကုန်တာလို့ ပြောပါတယ်။ သေဆုံးသူ အများစုဟာ အသက် ၂၀ ကျော် မိန်းကလေးငယ်တွေ ဖြစ်ကြပါတယ်။

ရဲတွေက ဒီလို အစုအဝေးလိုက် သေဆုံးမှုမှာ မူးယစ်ဆေးဝါး သုံးစွဲမှုက အကြောင်းရင်းတစ်ရပ် ဟုတ်မဟုတ် ဆိုတာကို စုံစမ်းနေပါတယ်။ မျက်မြင်တွေရဲ့ အပြောအရတော့ အခင်းဖြစ်တဲ့ နေရာဟာ လမ်းကျဉ်းလေး တစ်ခုဖြစ်ပြီး ဘေးဘယ်ညာ နှစ်ဖက်မှာ နံရံမြင့်တွေ ကာရံထားတယ်လို့ သိရပါတယ်။ လမ်းရဲ့ တစ်ဖက်ခြမ်းက မြင့်ပြီး တစ်ဖက်ကတော့ ကုန်းဆင်း ဖြစ်နေပါတယ်။ လမ်းရဲ့ အထက်ပိုင်းကလူတွေ အသက်ရှူကျပ်ပြီး စတင်လဲကျကုန်ရာက လမ်းအောက်ဖက်က လူတွေကို ဆက်တိုက် ပိမိကုန်ပြီး အတုံးအရုံး ဖြစ်ကုန်တယ်လို့ ဆိုပါတယ်။ အောက်ဆုံးနားမှာ ပိမိနေသူတွေကို ဆွဲထုတ်ဖို့ဆိုရင် အချိန် တစ်နာရီကျော်လောက်ထိ ယူခဲ့ရကြောင်း ကယ်ဆယ်ရေးတွေက ပြောပါတယ်။

ပြီးတော့ အဲဒီအချိန်တုန်းက လမ်းထဲမှာ ရှိသင့်တဲ့ ဦးရေထက် လူတွေ ၁၀ ဆလောက် ပိုများနေခဲ့သလို တဖွဲဖွဲလည်း ထပ်မံရောက်ရှိလာနေတာ တွေ့ရတယ်လို့ မျက်မြင် တချို့က ဆိုပါတယ်။ ဒီဖြစ်ရပ်ဆိုးကြီးဟာ ၂၀၁၄ ခုနှစ်တုန်းက တောင်ကိုရီးယားမှာ ဆူဝိုလ် ကူးတို့ရေယာဉ် နစ်မြုပ်မှုနောက်ပိုင်း အသေအပျောက် အများဆုံး အနိဋ္ဌာရုံကြီးအဖြစ် မှတ်တမ်း ဝင်လာခဲ့ပါတယ်။

ဥရောပကို ရောက်နေတဲ့ ဆိုးလ်မြို့တော်ဝန်ဟာ သတင်းကြားကြားချင်း ပြန်လာခဲ့သလို တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ယိုလ်ကလည်း ကယ်ဆယ်ရေးတွေ ထိထိရောက်ရောက် ဆောင်ရွက်ဖို့နဲ့ ဖြစ်စဉ်ကို သုံးသပ်စစ်ဆေးဖို့ အစိုးရအဖွဲ့ အရေးပေါ် အထူးအစည်းအဝေးကို ချက်ချင်း ခေါ်ယူခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံ အစိုးရတချို့ကလည်း ဝမ်းနည်းကြေကွဲကြောင်း သတင်းစကားတွေကို တောင်ကိုရီးယား အစိုးရဆီ ပေးပို့နေကြပါတယ်။

အီထယ်ဝေါင် ရပ်ကွက်ဟာ ဆိုးလ်မြို့မှာ ညဖက် အပြင်ထွက်လည်တတ်သူတွေ၊ ကမ္ဘာလှည့် ခရီးသွားတွေ၊ လူငယ်လူရွယ်တွေကြား အထူးထင်ရှားတဲ့ နေရာတစ်ခုဖြစ်ပြီး အရက်ဘားတွေ၊ စားသောက်ဆိုင်တွေ၊ ကလပ်တွေနဲ့ စည်ကားနေလေ့ရှိကြောင်း သိရပါတယ်။

You May Also Like

သတင်း

လျက်ဆားပုလင်းဗုံးနှင့်အတူသေနတ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ရဲများ​သေဆုံးမှုအ​ရေအတွက်ကိုPeople's Spring ကသီးခြားအတည်မပြုနိုင်ပါ။

နိုင်ငံတကာ

မျက်မြင်တွေရဲ့ အဆိုအရ ရပ်နားထားတဲ့ ကားနှစ်စီးဟာ မိနစ် အနည်းငယ်ပဲ ခြားပြီးတော့ ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။ ပေါက်ကွဲတဲ့ အရှိန်က ပြင်းထန်လွန်းတာကြောင့် အနားမှာ ရှိနေတဲ့ အဆောက်အအုံတွေက မှန်တွေပါ အစိတ်စိတ် အမြွှာမြွှာ ကွဲကြေကုန်ပါတယ်။

နိုင်ငံတကာ

အသေအပျောက် ပမာဏကို အတိအကျ အတည်မပြနိုင်ပေမယ့် လူမှုကွန်ရက် မီဒီယာတွေပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေမှာတော့ သေဆုံးသွားသူ အတော်များများရဲ့ ရုပ်အလောင်းတွေကို တန်းစီချထားပြီး လိုက်လံ ဖုံးကွယ်နေတာကို တွေ့ရပါတယ်။

နိုင်ငံတကာ

ကျွန်းစုနိုင်ငံ ဖိလစ်ပိုင်မှာ အဓိက ကျွန်းမကြီးဖြစ်တဲ့ လူဇန်ကို မုန်တိုင်းက ကန့်လန့်ဖြတ် ဖြတ်သန်းသွားပြီး တောင်တရုတ် ပင်လယ်ဖက်ကို ဆက်လက် ရွေ့လျားသွားခဲ့ပါတယ်။