ချင်းပြည်နယ် ဖလမ်း-ဟားခါး လမ်းတလျှောက် စစ်ရေးတင်းမာပြီး တိုက်ပွဲအချိန်မရွေး ဖြစ်ပွားနိုင်သည့်အတွက် ပြည်သူများအနေဖြင့် အဆိုပါလမ်းမကြီးတွင် မတ်လ ၁၉ရက်မှစပြီး ခရီးသွားလာခြင်း မပြုရန် ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)က ထုတ်ပြန်သည်။
CNO/CNDF မှ သတင်းပြန်လည် ထုတ်ပြန်မှု တစုံတရာ မရှိမခြင်း ခရီးသွားလာခြင်းမပြုရန် သတိပေးထားပြီး ထုတ်ပြန်ချက်အားလိုက်နာကြရန် အသိပေးထားသည်။
စစ်ကိုင်းတိုင်း ကလေးမြို့မှ စစ်ကောင်စီတပ်ယာဉ်တန်းသည် မတ်လ ၇ရက်မှစ၍ ချင်းပြည်နယ် ဘက်သို့ ဦးတည်ထွက်ခွာလာရာ ယခုအချိန်တွင် ဖလမ်းမြို့နယ်အတွင်းရောက်ရှိနေပြီ ဖြစ်သည်။
ကလေးနှင့် ဖလမ်းမြို့ကြားတွင်လည်း အဆိုပါ ယာဉ်တန်းကို ဒေသခံချင်းကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်။
အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် ဟားခါးဗျူဟာသို့ စစ်အင်အား၊ ရိက္ခာ၊ လက်နက်ခဲယမ်းများ ဖြည့်တင်းရန် ဆောင်ရွက်လာခြင်းဖြစ်ကြောင်း၊ တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNA)ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားထားသည်။
