မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)ဝန်းအတွင်းရှိ ရဟတ်ယာဉ်ကွင်းနှင့် အရာရှိအိမ်ယာတို့ကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် KNDO တို့က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း မော်လမြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖနှင့် ဒေသခံများထံမှသိရသည်။
မတ်လ၁၆ ရက် ည၉နာရီ ၇မိနစ်မှ ၉နာရီ ၄၀မိနစ်ကြားတွင်ဒရုန်းဖြင့် သုံးကြိမ်ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိသည်။
“ လေယာဉ်ကွင်းဘက်ကနေပေါက်ကွဲသံကြားတယ်။ တော်တော်လည်း ကျယ်တယ်။သေနတ်သံလည်းကြားလိုက်တယ်။ စစ်တပ်ဝင်းထဲဆိုတော့ ဘာသတင်းမှတော့ ထွက်မလာဘူး” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။
အရှေ့တောင်တိုင်းစစ်ဌာနချုပ် လေယာဉ်ကွင်း သည်ကရင်ပြည်နယ်၊ မြဝတီမြို့၊ ဘုရားသုံးဆူနှင့်ကြာအင်းဆိပ်ကြီး၊ ချောင်းနှစ်ခွဒေသ ဘက်သို့ စစ်တပ်ကလေကြောင်းမှ တိုက်ခိုက်ရာတွင်အသုံးပြုနေသောကြောင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းမော်လမြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖက မတ် ၁၇တွင်ထုတ်ပြန်သည်။
ဒရုန်းငါးစီးဖြင့် တိုက်ခိုက်ရန်စီစဉ်ထားသော်လည်း လုံခြုံရေးအရ ဒရုန်းသုံးစီးဖြင့်သာ တိုက်ခိုက်ခဲ့ရပြီး ထိခိုက်ပျက်စီးမှု အသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ တိုက်ခိုက်ချိန်တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်း ရဟတ်ယာဉ်ကွင်း၌ ရဟတ်ယာဉ်နှစ်စင်းရှိနေသည်ဟု ပါရှိသည်။

အထက်ပါတိုက်ခိုက်မှုကို KNDO တပ်ဖွဲ့ဝင်များနှင့် ရှာထူးဝေါ်ဒရုန်းနည်းပညာတပ်ဖွဲ့၊ ကျိုက်မရောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မုဒုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းအသိပေးထားသည်။
“ တိုက်ခိုက်ခံရမှုကဖြစ်ခဲ့တယ်ဗျ။ တိုင်းစစ်ဌာနချုပ်ဆိုတော့ သတင်းကို ဖုံးဖိထားတာ” ဟု မော်လမြိုင်မြို့မှ ဌာနဆိုင်ရာအရာရှိတစ်ဦးကပြောသည်။
အဆိုပါတိုက်ခိုက်မှုတွင်ထိခိုက်ပျက်စီးမှုရှိ ၊မရှိကို People’s Spring ကသီးခြားအတည်မပြုနိုင်သေးပါ။
သို့သော်တိုက်ခိုက်ခံရပြီးနောက် မတ်လ၁၇ ရက်တွင် ရတခ အတွင်းစစ်သားများခြေရှုပ်နေပြီး မော်လမြိုင်မြို့တွင်လုံခြုံရေးမြှင့်ထားကြောင်းလည်းဒေသခံအချို့ကပြောသည်။
ထို့အပြင်ထပ်မံရရှိသောသတင်းများအရ တိုက်ခိုက်ခံရပြီးနောက် ရတခ တစ်ဝန်းလုံးမီးအမှောင်ချလိုက်ကြောင်း၊ အရာရှိ ၂ ဦးအပါအဝင် ထိ့ခိုက်ပျက်စီးမှုများရှိခဲ့ပြီးစစ်တပ်က မတ် ၁၇ ရက်တစ်ရက်လုံး တပ်ဖွဲ့ဝင်များကို အပြင်ပေးမထွက်ဘဲ သတင်းအမှောင်ချထားကြောင်း စစ်ကောင်စီသတင်းပေးအချို့ကပြောသည်။
စစ်ကောင်စီတပ်သည် မတ်လ ၁၇ရက်နံနက်ပိုင်းတွင် ရေးမြို့နယ် အစင်/ဇီးဖြူတောင်ကမ်းခြေမှတဆင့် စစ်ရေယာဥ်သုံးစင်းဖြင့် ခေါ်ဆောင်လာသည့် တပ်ဖွဲ့ဝင်အများအပြား အင်အားတိုးနေကြောင်းမော်လမြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖက အသိပေးထားသည်။
