သံတောင်ကြီးမြို့ရှိ စစ်ကောင်စီတပ် အခြေစိုက်စခန်း ဘုရင့်နောင်တပ်မြို့ကို KNLA တပ်ရင်း(၅)က လက်နက်ကြီးဖြင့် သွားတိုက်ခဲ့ပြီး အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ကြောင်း တပ်မဟာ(၂)နှင့်နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။
မတ်လ(၁၇)ရက် မနက်နှင့် ညနေပိုင်းတို့တွင် ကရင်ပြည်နယ် သံတောင်ကြီးမြို့ရှိ ဘုရင့်နောင်တပ်မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၂) တပ်ရင်း(၅)တပ်ဖွဲ့ဝင်များက လက်နက်ကြီးရှော့တိုက်ဒုံးဖြင့် (၃)ကြိမ် သွားရောက်ပစ်ခတ်ခဲ့သည်ဟု အထက်ပါသတင်းရင်းမြစ်တို့က အတည်ပြု ပြောကြားသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် ဘုရင့်နောင်တပ်မြို့အတွင်းရှိ အဆောက်အဦးများ ထိခိုက်ပျက်စီးမှုရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှုကိုတော့ စုံစမ်းဆဲဖြစ်ကြောင်း ၎င်းသတင်းရင်းမြစ်များက ပြောသည်။
“ ရှော့တိုက်ဒုံးနဲ့ လှမ်းပစ်တာ။ အသံတွေကြားနေရတယ်။ လက်ဖက်ခြံမှာ ကျတယ်လို့လည်း ပြောတယ်။ ထိခိုက်မှုကိုတော့ မသိရသေးဘူး” ဟု သံတောင်ကြီးဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လ(၁၅)ရက် မနက်ပိုင်းကလည်း သံတောင်ကြီးမြို့ (၁၆)မိုင် ရေပူစမ်းစခန်းတွင်း စစ်ကောင်စီတပ်နှင့် KNLA တပ်မဟာ(၂)တို့အကြား (၁)နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ (၁၀)ဦးခန့် သေဆုံးပြီး (၈)ဦး ဒဏ်ရာရရှိခဲ့ကြောင်း တပ်မဟာ(၂)သတင်းရင်းမြစ်များ၏ ပြောဆိုချက်အရ သိရသည်။
