ကရင်နီ(ကယား)ပြည်နယ်၊ ဘောလခဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ အနည်းဆုံး သုံးဦးသေဆုံးကြောင်း ကရင်နီဒေသခံသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။
ယနေ့(မတ်လ ၁၆ရက်) နံနက် ၅နာရီခန့်ကစ၍ ဘောလခဲမြို့အထွက် ရေနီပေါက်တံတားအနီး တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။
“ စစ်ကောင်စီစစ်ကြောင်း နဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲ ဖြစ်ခဲ့တာ။နေရာက ဘောလခဲအထွက် ဖားဆောင်ကြား မှာပေါ့။အခု လောလောဆယ်တော့ စကစ စစ်ကြောင်းပြန်ဆုတ်သွားတယ်” ဟု ဘောလခဲမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အနည်းဆုံးသုံးဦးအထက်သေဆုံးပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်သူမရှိခဲ့ကြောင်းသိရသည်။
သို့သော် စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ဒေသခံ ပြည်သူနှစ်ဦးကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်။
ဘောလခဲ မြို့ကို ယခုနှစ် ဖေဖော်ဝါရီ ၂ရက်က စစ်ကောင်စီတပ်က စစ်အုပ်ချုပ်ရေး(မာရှယ် လော)နယ်မြေအဖြစ် ကြေညာထားသည်။
အလားတူ ဖေဖော်ဝါရီ နောက်ဆုံးပတ်ကစ၍ က ရင်နီ(ကယား)ပြည်နယ်အတွင်းသို့ ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ် နှင့် ဘောလခဲမြို့နယ်အသီးသီးတို့မှ စစ်ကောင်စီတပ်က စစ်မျက်နှာ လေူခုဖွင့်ကာ စုစုပေါင်း စစ်ကြောင်း (၁၂)ခုဖြင့် အပြင်းအထန်ထိုးစစ်ဆင်နေသည်။
