မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသော အခြေအနေများကြောင့် သေနတ်၊ကျည်ဆံ၊ ဗုံးနှင့်မိုင်းထိပြီး ပျက်စီးသည့် မော်တော်ယာဉ်များကို အာမခံလျော်ကြေးပေးတော့မည်မဟုတ်ကြောင်း မြန်မာ့အာမခံအသင်းက ယမန်နေ့က ထုတ်ပြန်သည်။
စစ်ကောင်စီကထိန်းချုပ်ထားသောမြန်မာ့အာမခံအသင်းက ဩဂုတ် ၂၄ ရက်တွင်ပြုလုပ်သော အစည်းအဝေးပြီးနောက် အလုံးစုံအာမခံများပေါ်လစီများ ရှင်းလင်းပြတ်သားမှုရှိစေရန်အတွက်ဆိုကာ အာမခံကုမ္ပဏီများကိုအသင်းကအချက် ၃ ချက်ပါသောထုတ်ပြန်ရှင်းလင်းချက်ကို စက်တင်ဘာ၁၉ ရက်တွင်ထုတ်ပြန် အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါအသင်းက အာမခံကုမ္ပဏီများကို အကြောင်းကြားရာတွင် မော်တော်ယာဉ် အာမခံပေါ်လစီအထွေထွေ စည်းမျဉ်းတွင် မည်ကဲ့သို့ဖော်ပြထားပါစေ စစ်ဘေးအန္တရာယ်ကြောင့် အာမခံလျှော်ကြေးပေးမည် မဟုတ်ဟုဆိုသည်။



“တိုက်ပွဲတွေကြားထဲမှာ ပျက်စီးသွားတဲ့ မော်တော်ယာဉ်တွေကို လျှော်ကြေးမပေးနိုင်ဘူးလို့ ပြင်လိုက်တာပါ”ဟု အာမခံကုမ္ပဏီတစ်ခုမှ မန်နေဂျာတစ်ဦးကပြောသည်။
စစ်ကောင်စီကထိန်းချုပ်ထားသောအဆိုပါအသင်း၏ထုတ်ချက်တွင် အကြမ်းဖက်ဥပဒေအရထိခိုက်ပျက်စီးမှုများသည် လျော်ကြေးအကျုံးမဝင်ဟုလည်း ဆိုသည်။
အထွေထွေအာမခံကုမ္ပဏီများက လက်ရှိရောင်းချနေသည့် အလုံးစုံမော်တော်ယာဉ် အာမခံ ပေါ်လစီတွင် ပြဌာန်းသည့် စည်းမျဉ်းကို အဆိုပါအသင်းက ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ပြည်တွင်းအာမခံကုမ္ပဏီ ၁၂ခုရှိပြီး ၎င်းတို့ကို စစ်ကောင်စီထိန်းချုပ်ထားသည့် အာမခံလုပ်ငန်းဘုတ်အဖွဲ့က ထိန်းချုပ်ထားခြင်းဖြစ်သည်။
