ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ ကျိုက်ထိုမြို့နယ်အတွင်းစစ်ကောင်စီတပ်ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နှင့် အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ၆ ဦး သေဆုံးခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)က ထုတ်ပြန်သည်။
ကျိုက်ထိုမြို့နယ် ရန်ကုန် – မော်လမြိုင် အဝေးပြေးလမ်းမဘေး တစ်နေရာ၌ စစ်ကောင်စီ ယာဉ်တန်းများလုံခြုံရေးအတွက် ကင်းပုန်းဝပ်ရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့အား KRFနှင့် KNLA တပ်ရင်း(၃) ပူးပေါင်းတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
အနီးကပ်စောင့်ကြိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဦး နေရာတွင် သေဆုံးကာ ၅ဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုများနှင့်ပတ်သပ်၍ People’s Spring သတင်းဌာနကသီးခြားအတည်မပြုနိုင်သေးပါ။
အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး မေးမြန်းရန် နယ်မြေခံ KNLA တပ်မှူးနှင့် တာဝန်ရှိသူ အချို့ထံ People’s Springကဆက်သွယ်ရာ အဆက်အသွယ်မရပေ။
KRF အနေဖြင့် စစ်အာဏာရှင် ကျဆုံးသည်အထိ ဆက်လက်တိုက်ပွဲ ဝင်သွားမည်ဖြစ်ကြောင်း နှင့် စစ်ကောင်စီ လက်ပါးစေများ၊ သတင်းပေးဒလန်များနှင့် ထောက်တိုင်များအား ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု ကြေညာခဲ့သည်။
