စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ မကျီးအုပ်ကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁ဝ ဦးသေဆုံးပြီး PDF ရဲဘော် နှစ်ဦးကျဆုံးခဲ့ကြောင်း ခင်ဦးနယ်ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု – KURDAF၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ခင်ဦးမြို့နယ်တွင် ဖေဖော်ဝါရီ ၂၆ ရက်က မြင်းဒေါင်းကျေးရွာ၌ တပ်စွဲညအိပ်ခဲ့သော စစ်ကောင်စီစစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၇ရက် နံနက် ၈ နာရီခွဲတွင် မကျီးအုပ်ကျေးရွာ တောင်ပိုင်းမှ စတင်ကာ အင်အား ၃၀ဖြင့် စစ်ကြောင်းထိုးခဲ့သည်။
ထို့နောက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဆက်တိုက်ပစ်ခတ်ကာ ဒေသခံ ကင်းထောက် ရဲဘော်များနှင့် ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု – KURDAF၏ ပြန်ကြားရေးတာဝန်ခံက ပြော သည်။
အဆိုပါ ထိတွေ့မှုတွင် ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု – Kurdaf(KURDAF) အဖွဲ့ဝင် TIGER – Local People Defence Force. Khin U၏ ရဲဘော် နှစ်ဦးဖြစ်သူ အသက်(၃၂) နှစ်အရွယ် ရဲဘော် နဂါးလေးနှင့် အသက်(၂၅) နှစ်အရွယ် ရဲဘော် ၇၆၀ တို့သည် စစ်ကောင်စီအား ခုခံရင်းကျဆုံးခဲ့ကြောင်း ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု – KURDAF က အသိပေးသည်။
တိုက်ပွဲတွင် စစ်ကောင်စီဘက်က အီဂါနာ ဗုံးသီး (၂)လုံး ၊ ၅.၅၆ ကျည် (၁၂၀)ကျော် ၊ ၇၉ – (၃) လုံး လက်နက်အသာစီးဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ သေဆုံး ၁၀ဦးနှင့် ဒဏ်ရာရ ခုနစ်ဦး ရှိသည်ဟု သိရကြောင်း KURDAF ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
မတ်လ ၁ ရက် မွန်းလွဲပိုင်းက သရက်ပင်စုရွာသစ်ဘက်မှ ယာတော်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်၏ ရှေ့ပြေးကင်း ၁၀ဦးအား ပဒေသာမိုင်း၂စုံ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ငါးဦးနေရာ၌ သေဆုံးကြောင်း KSOအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
