ရေတာရှည်တွင် စစ်ကောင်စီတပ်ထောင်သည့် မြေမြှုပ်မိုင်းနင်းမိ၍ ဒေသခံနှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၁)နယ်မြေ ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးထိခိုက်ရှိခဲ့ကြောင်းနယ်မြေခံ KNLA တပ်မှူးတစ်ဦးက ပြောသည်။
ဖေဖော်ဝါရီ ၁၇ရက် နံနက် ၇နာရီခွဲခန့်တွင် သထုံမှ ကျိုက်ထိုမြို့ဘက်သို့ မောင်းနင်လာသည့် စစ်ယာဉ်တန်းကို ဘီးလင်း ဒေါက်ရပ်လမ်းဆုံ၌ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“စစ်ကားတန်းက ၁၀ စီးလောက်ရှိတယ်။ ဒေါက်ရပ်မှာ RPG ရော၊ (၄၀) မမရောပစ်တယ်။ မိနစ် ၂၀လောက်ကြာတယ် အဲဒီမှာပစ်တာ။ အဲဒီမှာ သေတာက ၇ယောက်လောက်ရှိတယ်။ ထိခိုက်ဒဏ်ရာရကတော့ သူတို့ သတင်းပို့တာတော့ ၃၀လောက်ရှိတယ်။ အဲဒီလို သူတို့ သတင်းပို့တယ်”ဟု KNLA တပ်မှူးက ပြောသည်။
အဆိုပါ စစ်ယာဉ်တန်းမှ ယာဥ်လေးစီး ထိခိုက်ပျက်စီးခဲ့ပြီး သေဆုံးဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကျိုက်ထိုမြို့ဘက်သို့ သယ်ဆောင်သွားကြောင်း ၎င်းက ဆိုသည်။

“အဲဒီနေ့က ဖြစ်တဲ့ပုံက အလံတရာမှာ ဘုရားထီးတင်ပွဲ သူတို့ပြန်လာတာ။ အဲလိုပြန်လာတာကို သတင်းရပြီးတော့ စောင့်ပြီးတော့ ပစ်တာပေါ့”ဟု KNLA တပ်မှူးက ပြောသည်။
KNLA တပ်မဟာ(၁)နယ်မြေဖြစ်သည့် သထုံ၊ ကျိုက်ထို၊ ဘီးလင်း ဒေသများ၌ စစ်ကောင်စီယာဉ်တန်းများကို KNLA ပူးပေါင်းတပ်ဖွဲ့များက မကြာခဏ ခြုံခိုတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။
ထို့အပြင် ပဲခူးတိုင်း ရေတာရှည်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်က ထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိ၍ ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံနှစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့ကြောင်း Yedashe Township Informationက ဖော်ပြသည်။
ယနေ့ (ဖေဖော်ဝါရီ ၂၀ရက်)နံနက် ၁၀နာရီခွဲခန့်တွင် ရေတာရှည်မြို့နယ် ဒိုးတန်းကျေးရွာ မြစ်ကူးတံတားအနီးတွင် ထောင်ထားသည့် အကြမ်းဖက်စစ်ကောင်စီ၏ မိုင်းနင်းမိ၍ ပင့်သီလာရွာမှ အသက်(၁၇)နှစ်အရွယ် မောင်ပိုင်ကျော်နှင့် အသက်(၁၉)နှစ်အရွယ် ကိုပေါက်တို့ သေဆုံးခဲ့သည်ဟု ဆိုသည်။
ထို့ပြင် အသက်(၃၉)နှစ်အရွယ်နှင့် အသက်(၄၅)နှစ်အရွယ် အမျိုးသားနှစ်ဦးလည်း ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။
ယခု မြေမြှုပ်မိုင်းနင်းမိခဲ့သည့် ဒိုးတန်းရွာနှင့် ပင့်သီလာကျေးရွာကြားတွင် ဖေဖော်ဝါရီ ၁၄ရက်က ဒေသခံ PDFနှင့် စစ်ကောင်စီတပ်တို့ ၁နာရီခန့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်။ ယင်းနေ့ကလည်း စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်များ ရမ်းပစ်ခတ်၍ အသက် (၄)နှစ်အရွယ် ကလေးငယ်အပါအဝင် အရပ်သားအချို့ သေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိခဲ့သည်။
ပင့်သီလာရွာနှင့် ဇရစ်ရိုးကုန်းကျေးရွာအကြား စစ်တောင်းမြစ်ဘေးတွင်လည်း ဖေဖော်ဝါရီ ၁၆ရက်က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(PDF)များနှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များခဲ့သည်။ စစ်ကောင်စီတပ်က ၃၀ကျော်သေဆုံးပြီး လက်နက် ခုနစ်လက်ရရှိခဲ့ကြောင်း ပဲခူးတိုင်း PDFက ထုတ်ပြန်ထားသည်။
