ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆို မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ခြောက်ဦးခန့်သေဆုံးပြီး လက်နက်နှင့်ကျည်များသိမ်းဆည်းရမိကြောင်း ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU) တာဝန်ရှိသူက ပြောသည်။
ဒီးမော့ဆိုမြို့ ကုန်းသာကျေးရွာအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီမှ ကင်းပတ်ရန်ထွက်ခွာနေစဥ် ယမန်နေ့(ဖေဖော်ဝါရီ ၁၉ရက်) ညနေ ၅နာရီ ၂၅မိနစ်မှ ညနေ ၆နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲဖြစ်ပွားမှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကို တပ်ပေါင်းစုဘက်မှ စတင်ပစ်ခတ်ခဲ့ပြီး ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်မှ ခြောက်ဦးခန့်သေဆုံးခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း အသိပေးသည်။

“ကုန်းသာဘက်ကနေ ထွက်လာတဲ့အချိန်စောင့်ပြီး ပစ်တာ။ စကစ အယောက် ၂၀လောက်ရှိမယ်။စကစဘက်က အထိနာတော့ လက်နက်ကြီးပစ်ကူပေးခဲ့ရတယ်။အဲဒါကြောင့် အောင်မြင်စွာနဲ့ခွာစစ်ဆင်နိုင်ခဲ့တယ်”ဟု KRU တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
ယင်းပစ်ခတ်မှုအတွင်း ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU)ဘက်မှ တစ်စုံတစ်ရာ ထိခိုက်ခဲ့ခြင်းမရှိဘဲ အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြသည်။
တိုက်ပွဲအတွင်း ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု (KRU)မှ MA-1 သေနတ်တစ်လတ် ၊ ကျည်ဘောက် သုံးဘောက် ၊ ကျည် ၂၂၅တောင့်ကို ရယူနိုင်ခဲ့သည်။
ထို့အပြင် ယမန်နေ့ကလည်း ရှမ်း – ကရင်နီနယ်စပ်တွင် ကရင်နီတပ်မတော်(KA)က စစ်ကောင်စီတပ်သား ငါးဦးဖမ်းဆီးမိပြီး၊ ခြောက်ဦးသေဆုံးကြောင်းနှင့်အတူ လက်နက်မျိုးစုံ(၁၀)လက်နှင့် ကျည်ဆံ၊ ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့သည်။
