ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များတွင် စစ်ကောင်စီထံဆက်ကြေးပေး၍ အရက်၊ ဘီယာနှင့် မူးယစ်ဆေးရောင်းချနေသူများအနေဖြင့် ရပ်တန်းကရပ်ကြရန် တောင်ဒဂုံအခြေစိုက် UG အဖွဲ့များဖြစ်သော SDGF နှင့် DYY တပ်ဖွဲ့တို့က သတိပေးချက်ထုတ်ပြန်လိုက်သည်။
စက်တက်ဘာ ၁၆ ရက်နေ့ရက်စွဲဖြင့်ထုတ်ပြန်သည့်သတိပေးချက်တွင် အဆိုပါလုပ်ငန်းများသည် စစ်ကောင်စီ သက်ဆိုးရှည်အောင် ဆက်ကြေးပေးလုပ်ကိုင်နေခြင်းကြောင့်စစ်ကောင်စီထောက်တိုင်များ ဖြစ်လာနေသည်ဟုဖော်ပြထားသည်။
ထို့အပြင် အဖျော်ယမကာနှင့် မူးယစ်ဆေးဝါးများအား အတားအဆီးမရှိ လွယ်လက့်တကူ ရောင်းဝယ်ဖောက် ကားနေခြင်းကြောင့် ခိုးဆိုလုနှိုက်မှုများ၊ လူသတ်၊ မုဒိမ်းမှုများနှင့် အကြမ်းဖက်ဒုစရိုက်မှုများ ပိုမိုထူပြောလာနေသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
အလားတူ နှစ်လုံး၊ သုံးလုံး စသည့်ထီလောင်းကစားလုပ်ငန်းများကြောင့်အခြေခံလူတန်းစားများမှာလောင်းကစားကြောင့် ပိုမိုငတ်မွတ်ဆင်းရဲလာပြီး စီးပွားရေး၊ လူမှုရေးနှင့် စားဝတ်နေရေးပိုမိုကြပ်တည်လာသည်ကြောင်းထောက်ပြသည်။
“အဓိကကတော့ အရက်ဘီယာအရောင်းဆိုင်တွေ၊မူးယစ်ဆေးဝါးရောင်း၀ယ်တာတွေနဲ့ လောင်းကစား ဒိုင်တွေကို အသိပေးချင်တာပါဗျ။ သူတို့က စစ်ကောင်ဆီကို ဆတ်ကြေး လိုင်းကြေးပေးပြီး တရား၀င်လုပ်ကိုင် ခွင့်ရလာပါတယ်။ ဒီလောင်းကစားတွေ၊ မူးယစ်ဆေးဝါးတွေကြောင့်ပဲ စာရိတ္တတွေ ပျက်ပြားလာကြပြီးတော့ နောက်ဆက်တွဲ အနေနဲ့ခိုးဆိုးလုမိူက်မှုတွေဟာ ပိုမို များပြားလာပါတယ်” ဟု SDGF ပြောက်ကျားတပ်ဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက မှတ်ချက်ပေးသည်။
ထို့ကြောင့် အရက်၊ ဘီယာ၊ မူးယစ်ဆေးနှင့် နှစ်လုံး၊ သုံးလုံး ထီလောင်ကစားလုပ်ငန်းလုပ်ကိုင်နေသူများအနေဖြင့် ယခုသတိပေးချက်ထုတ်ပြန်ချိန်မှ ခုနစ်ရက်အတွင်း ရပ်တန်းကမရပ်ပါကထိုက်သင့်သည့်အပြစ်ပေးအရေးယူမှုများလုပ်ဆောင်သွားမည်ဟု UG တပ်ဖွဲ့များက သတိပေးထားသည်။
