▪︎ပြင်သစ် သံအမတ်က ကျဆုံးသူ၊ပျောက်ဆုံးသူ ၊ဒဏ်ရာရပြည်သူအားလုံးအတွက်နှင်းဆီပန်းချဂုဏ်ပြု
စစ်အုပ်စုအာဏာသိမ်းမှုကိုဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၀၀၀) ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ကယနေ့ထုတ်ပြန်သည်။
အဆိုပါကိန်းဂဏန်းအရေအတွက်များသည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့်အချက်အလက်နှင့် ကိန်းဂဏန်းအရေအတွက်များမှာ ယခုထက်ပင်ပိုမိုများပြား နိုင်ကြောင်းလည်း AAPP ကအသိ့ပေးထားသည်။
စစ်ဆပ်အာဏာသိမ်းမှုကို လက်မခံဘဲ ငြိမ်းချမ်းစွာဆန့်ကျင်ဆန္ဒပြစဥ် စစ်ကောင်စီတပ်ကသေနတ်ဖြင့်ပစ်ခတ်အကြမ်းဖတ်၍ပထမဆုံးကျဆုံးခဲ့သော နွေဦး သူရဲကောင်းမှာ နေပြည်တော်မှ အသက် ၂၀ အရွယ်မမြသွဲ့သွဲ့ခိုင်ဖြစ်သည်။မမြသွဲ့သွဲ့ခိုင်မှာ ၂၀၂၁ ဖေဖော်ဝါရီ ၉ ရက်တွင် ဆန္ဒပြပွဲတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့်ကျည်ထိမှန်ခဲ့ပြီး ဖေဖော်ဝါရီ၁၉ တွင်ကျဆုံးခဲ့သည်။
AAPP ပြုစုထားသော စာရင်းအရ ကျဆုံးသူ ၃၀၀၀ ဦးမြောက်မှာ သီလရှင်ဒေါ် ဆိတ်ဖြစ်သည်။ ၂၀၂၃ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ လက်ပံလှကျေးရွာကို အင်အား ၁၀၀ ခန့်ပါဝင်သောစစ်ကောင်စီတပ်နှင့် ပျူစောထီးတို့ကဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ သီလရှင်ဒေါ်ဆိတ်မှာ အသက်ကြီး၍ ထွက်မပြေးနိုင်သောကြောင့် နေအိမ်အတွင်း မီးလောင်သေဆုံးခဲ့ခြင်းဖြစ်ကြောင်းAAPP ကဖေဖော်ဝါရီ ၁၇ ရက်ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ပြင်သစ်သံအမတ်ကြီး Mr. Christian Lechervy သည် စစ်အုပ်စုအာဏာသိမ်းမှု့ဖြစ်ရပ်အပြီး အထူးသဖြင့် သေဆုံးခဲ့ရသူများ၊ ဒဏ်ရာရခဲ့သူများ (သို့မဟုတ်) ပျောက်ဆုံးသွားခဲ့သူများအားလုံးအတွက် အမှတ်တရ နှင်းဆီပန်းများချပြီး ဂုဏ်ပြုခဲ့ကြောင်းယနေ့ထုတ်ပြန်သည်။

“အသက်ဆုံးရှုံးခဲ့ရသူများ နှင့် ၄င်းတို့၏ မိသားစုများအပါအဝင် မြန်မာပြည်တွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပြန်လည်အသက်ဝင်လာစေရန် တိုက်ပွဲဝင်နေကြသူများအားလုံးကို သံအမတ်ကြီးက စာနာထောက်ထားမိပါကြောင်း ဖော်ပြအပ်ပါသည်”ဟု ပြင်သစ်သံရုံးကဖော်ပြထားသည်။
ထိုအပြင် စစ်အုပ်စု ဖမ်းဆီးခံရသူများမှာ အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့အထိ စုစုပေါင်း ၁၅၈၈၂ ဦးရှိပြီး ၎င်းတို့အနက်မှ (၄၃၉၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားကြောင်းသိရသည်။ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၀၃) ဦးရှိပြီး ၊ မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၁) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရခြင်းဖြစ်ကြောင်းသိရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၄၄) ဦးကြောင်းသိရသည်။
အာမခံဖြင့် လွတ်မြောက်သူ (၂၄) ဦးရှိပြီး၊ ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၃၈၃၃) ဦးရှိကြောင်းAAPPကဆိုသည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက ၊ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်းတိုက်ရိုက်ပေးပို့၍ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်းAAPPCကထုတ်ပြန်ထားသည်။
