အသက် ၁၈ နှစ်အရွယ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင် ကိုဟိန်းထက်ကို စစ်ကောင်စီက ထောင်ဒဏ် တစ်သက်တစ်ကျွန်းချလိုက်တယ်လို့ ဗကသ က ဒီနေ့မှာထုတ်ပြန်ပါတယ်။
ကိုဟိန်းထက်ကို ဆူပူအောင်လှုံဆော်မှု ပုဒ်မ ၅၀၅ (က) ၊ အကြမ်းဖက်ပုဒ်မ ၅၀ (ည) နဲ့ ဖေဖော်ဝါရီ ၉ ရက်က ထောင်ချလိုက်တာလို့ ဗကသများအဖွဲ့ချုပ်က ဆိုထားပါတယ်။
ကိုဟိန်းထက်ဟာ အ.ထ.က (၁ ) မြောက်ဥက္ကလာပ ကျောင်းသားများသမဂ္ဂ ရဲ့ ဒုဥက္ကဋ္ဌ ဖြစ်ပြီး ၂၀၂၂ နှစ် နိုဝင်ဘာလအတွင်း ရန်ကုန်မှာဖမ်းခံရတာပါ။
စစ်အာဏာရှင်ဆန့်ကျင်ရေး စည်းရုံးရေး လုပ်ဆောင်နေချိန်မှာ ဖမ်းခံရတာလို့လည်း စုံစမ်းသိရပါတယ်။
မနေ့ကလည်း အင်းစိန်ထောင်မှာ ထောင် ၃ နှစ်ချထားပြီဖြစ်တဲ့ ဗကသများအဖွဲ့ချုပ် ဒု ဥက္ကဋ္ဌဟောင်း ကိုလင်းထက်နိုင်ကို စစ်ကောင်စီက အကြမ်းဖက်ပုဒ်မ ထောင်ဒဏ် ၅ နှစ်ထပ်ချလိုက်တာရှိပါတယ်။
