– “ပေါက်ကွဲတဲ့ လက်နက်ကြီး အခွံ ချည်းပဲအလုံး ၇၀ ကျော် တွေ့တယ်”-ဒေသခံပြည်သူတစ်ဦး
လွိုင်ကော်မြို့နယ်တွင်တိုက်ပွဲဖြစ်ပွားပြီးနောက်စစ်ကောင်စီတပ်က ဘုရားကျောင်းနှင့် လူနေအိမ်များကိုရည်ရွယ်ချက်ရှိရှိလက်နက်ကြီးဖြင့်ပစ်ခတ်သောကြောင့် အဆောက်အဦး ၂၀ ကျော်ပျက်စီးခဲ့ကြောင်း တိုးတက်သော ကရင်နီအင်အားစု PKPF က ယနေ့ ထုတ်ပြန်သည်။
ယမန်နေ့(ဖေဖော်ဝါရီ ၄ ရက်)တွင်တိုက်ပွဲပြင်းထန်ပြီနာက် ည ၁၀ နာရီ ခွဲခန့်အရောက်တွင်စစ်တပ်က လွိုင်ကော်မြို့ဝါရီကောခူကျေးရွာနှင့် အနီးတစ်ဝိုက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဟု သိရသည်။

“မနေ့ကလွိုင်ကော်မှာ စစ်ကောင်စီတပ်ကို တိုက်ရင်းတိုက်ပွဲက တော်တော်ပြင်းထန်သွားတယ်။ဒါပေမယ့် ဖြစ်တဲ့နေရာနဲ့ အခု လက်နက်ကြီး အပစ်ခံရတဲ့ နေရာနဲ့က ဘာမှမဆိုင်ဘူး။ပေါက်ကွဲတဲ့ လက်နက်ကြီး အခွံ ချည်းပဲအလုံး ၇၀ ကျော် တွေ့တယ်”ဟုကရင်နီဒေသခံတစ်ဦးက People’s Spring သို့ပြောသည်။
စစ်ကောင်စီတပ်က ပစ်ခတ်သောလက်နက်ကြီးကျည်အစိတ်အပိုင်းများစွာတွေ့ရသလို ၊ “ဝမ်းနည်းသောမယ်တော်ဘုရားကျောင်း”ကိုလက်နက်ကြီးကျည်ထီးမှန်၍အမိုးပွင့်၍ပျက်စီးနေသည်ကိုလည်း PKPF မှ ထုတ်ပြန်ထားသောသတင်ဓါတ်ပုံများနှင့် ဒေသခံအချို့ပေးပို့သော ဓါတ်ပုံများတွင်တွေ့ရသည်။

လွှိင်ကော်မြို့နယ်တွင် ဖေဖော်ဝါရီ ၄ ရက်ကဖြစ်ပွားသောတိုက်ပွဲအခြေအနေနှင့်ပတ်သပ်၍ People’s Spring ကသတင်းအသေးစိပ်မရရှိသေးဘဲ သတင်းရရှိလျှင်ထပ်မံဖော်ပြပေးပါမည်။
ကရင်နီဒေသရှိစစ်ရှောင်စခန်းများ နှင့် ကျေးရွာများသို့ စစ်ကောင်စီတပ်က လက်နက်ကြီး အပါအဝင် လေကြောင်းဖြင့်ပါ တိုက်ခိုက်အကြမ်းဖက်မှုများမှာယခုနှစ်ဆန်းပိုင်းမှစ၍ ပိုမိုပြုလုပ်လာသည်။
“လူ့အခွင့်ရေးချိုးဖောက်မှုတွေနဲ့အသားကျနေတဲ့ ဖက်ဆစ်မြန်မာစစ်တပ်ကြောင့် ကရင်နီစစ်ဘေးရှောင်ပြည်သူတွေဟာနေ့ညမရွေးထိတ်လန့်စွာအသက်ရှင်နေထိုင် နေရပါတယ်”ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၂ က ပြောသည်။

ထို့အပြင် ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း လွိုင်ကော်မြို့နယ်၊ စစ်ရှောင်နေရာတစ်ခုကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်သောကြောင့် ဆေးခန်း၊ရိက္ခာဂိုဒေါင်၊ စာသင်ကျောင်းတို့ လုံးဝပျက်ဆီးခဲ့သည်။
ဇန်နဝါရီလအတွင်းက ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော် ၊ဘော်လခဲ နှင့် ရွာသစ်မြို့နယ်ခွဲ အတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီ၏လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့သဖြင့် လူနေ အိမ် (၅) လုံး၊ ဘုန်း ကြီး ကျောင်း(၂)ကျောင်း နှင့် စေတီတစ်ဆူ ပျက်စီးခဲ့သည်။ထိုအပြင်ပြည်သူ တစ်ဦးလက်နက်ကြီးထိမှန်သေဆုံးခဲ့ရကာ ၅ ဦးဒဏ်ရာရခဲ့သည်။
