စစ်ကောင်စီဝင်အဖွဲ့တွင်ပါဝင်သော ဒေါ်ဒွဲဘူသည်ကချင်ပြည်နယ် ပြည်သူ့ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဒုတိယဥက္ကဋ္ဌတာဝန်အဖြစ်ရော၊ ပါတီဝင်အဖြစ်မှပါ နှုတ်ထွက်ပြီးဖြစ်ကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)က ကြေငြာချက်ထုတ်ပြန်သည်။
အာဏာသိမ်စစ်အုပ်စုကစစ်ကောင်စီကိုဖေဖော်ဝါရီလ၁ ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ရာ KSPPပါတီ ဒုတိယဥက္ကဌ ဒေါ်ဒွဲဘူ ပါဝင်လာခဲ့သည်။
ထိုနောက် ဖေဖော်ဝါရီလ(၄)ရက် နေ့စွဲဖြင့် KSPP က ထုတ်ပြန်ချက်တွင် ဒေါ်ဒွဲဘူသည် မိမိ၏ရှေ့နေလုပ်ငန်းများ ကောင်းမွန်စွာဆောင်ရွက်နိုင်ရေးအတွက် (၁၄ – ၇ – ၂၁၂၂)ရက်နေ့တွင် ကချင်ပြည်နယ် ပြည်သူ့ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ဒုဥက္ကဋ္ဌတာဝန်မှလည်းကောင်း၊ ပါတီဝင်အဖြစ် မှလည်းကောင်း နှုတ်ထွက်ခွင့်ပြုရန် တင်ပြခြင်းအပေါ် ၂ဝ၂၂ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်နေ့ ကချင်ပြည်နယ် ပြည်သူ့ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် နှုတ်ထွက်ခွင့်ပြုပြီးဖြစ်သည်ဟုဆိုသည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီသည် အများပြည်သူများ၏ ဆန္ဒသဘောထားကို အစဉ်လေးစား တန်ဖိုးထားပြီး ပါတီ၏ လုပ်ငန်းစဉ်များကို ရိုးသားစွာဖြင့် သယ်ပိုးဆောင်ရွက်လျှက်ရှိသော ပါတီ တစ်ခုဖြစ်သည်ဟုလည်း ဆိုထားသည်။
ဒေါ်ဒွဲဘူကဲ့သို့ ကချင်အမျိုးသမီးနိုင်ငံရေးလှုပ်ရှားသူတစ်ဦး ပါဝင်လာမှုကို ကချင်လူထုအသိုင်းအဝိုင်းက အပြင်းအထန် ကန့်ကွက်နေကြသည်။
နိုင်ငံတစ်ဝန်းအကြမ်းဖက်၍ စစ်ရာဇဝတ်မှုများကျူးလွန်နေသည် စစ်ကောင်စီတွင် ဒေါ်ဒွဲဘူပါဝင်လာသဖြင့်ကချင်တိုင်းရင်းသားများကြားတွင်ရော ၊ပြည်သူများကြားတွင်ပါ ဒေါ်ဒွဲဘူကိုပြင်းထန်စွာဝေဖန်နေကြသည်။
“ဒေါ်ဒွဲဘူကို ယခင်က လေးစားမှုရှိခဲ့တယ်။ အခုတော့ သူ့နိုင်ငံရေးရပ်တည်ချက်က အထင်ကြီးစရာမဟုတ်တော့ဘူး”ဟု ကချင်တိုင်းရင်းသားလူငယ်တစ်ဦးကပြောသည်။
ဒေါ်ဒွဲဘူသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးလည်းဖြစ်သည်။ပြင်ဆင်ဖွဲ့စည်းလိုက်သောစစ်ကောင်စီတွင်ဒေါ်ဒွဲဘူကတစ်ဦးတည်းသောအမျိုးသမီးအဖွဲ့ဝင်ဖြစ်သည်။ဒေါ်ဒွဲဘူထံမေးမြန်းရန်ကြိုးစားသော်လည်း ဆက်သွယ်၍မရသေးပါ။
