ရန်ကုန်မြို့၊ လှိုင်မြို့နယ်တွင် စစ်ကောင်စီခန့်ရာအိမ်မှူးတစ်ဦး ယနေ့(ဖေဖော်ဝါရီ ၄)နံနက် ၆ နာရီခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများက ပြောသည်။
လှိုင်မြို့နယ် (၃)ရပ်ကွက်မှ ရာအိမ်မှူးမင်းဇော်ဆိုသူအား အမည်မသိလက်နက်ကိုင်တစ်စုက ကားပေါ်မှ ပစ်ခတ်ခဲ့ရာ ဦးခေါင်းထိမှန်ပြီး နေရာတင်သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
အဆိုပါပစ်ခတ်မှုတွင် ရာအိမ်မှူးမင်းဇော်အား ဆိုက္ကားဖြင့်တင်နင်းလာသည့် ဆိုက္ကာဆရာ ရန်နိုင်စိုးဆိုသူလည်း ဝမ်းဗိုက်တွင် ကျဥ်ထိသွားပြီး ဆေးရုံသို့ပို့ဆောင်လိုက်ရကြောင်း ဒေသခံများက ပြောသည်။
“ဒီမနက် ၆ နာရီလောက်က လှိုင်(၃)ရပ်ကွက် ဘုရင့်နောင် ၁၀လမ်းမှာ အပစ်ခံလိုက်ရတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။
သေနတ်ဖြင့်ပစ်ခတ်ခံရသော ရာအိမ်မှူးမင်းဇော် သည် ထမင်းဆိုင်ဖွင့်ထားသူဖြစ်ပြီး ဆိုင်ဖွင့်ရန် ဆိုက္ကားဖြင့်အသွားလမ်းတွင် ပစ်ခတ်ခံရခြင်းဖြစ် ကြောင်း ဒေသခံများက ပြောသည်။
အလားတူ ယမန်နေ့(ဖေဖော်ဝါရီ ၃)ညနေပိုင်းကလည်း လှိုင် (၁)ရပ်ကွက်မှ အရံမီးသတ်အဖွဲ့ဝင်နှင့် ပျူစောထီးဟုဆိုသူတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့သေးသည်။
