စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-မန္တလေးလမ်းပိုင်း ဘုန်းဘွဲ့ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့်တိုက်ပွဲဖြစ်ပွားရာ ရဲဘော် သုံးဦးကျဆုံးခဲ့ကြောင်း BLACK WOLF – ARMYတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၁ရက်)မွန်းလွဲ ၁ နာရီခန့်က ရွှေဘိုမြို့နယ် ၊ ဘုန်းဘွဲ့ကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ရာ နာရီဝက်ခန့်ကြာမြင့်ခဲ့ကြောင်း BLACK WOLF – ARMYတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အဆိုပါတိုက်ပွဲတွင် တပ်စုမှူး ရဲဘော်ပိုင်ကြီး၊ (တပ်စုမှူး )၊ Fundrising and Photographer ရဲဘော်ခန့်သီဟနှင့် ရဲဘော် ဝင်းစိုးတို့ ကျဆုံးခဲ့ကြောင်း အထက်ပါတာဝန်ခံက ပြောသည်။
“ရဲဘော် သုံးဦးက လက်နက်ကြီးထိပြီး ကျတာပါ။”ဟု BLACK WOLF – ARMY တပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
စစ်ကောင်စီတပ်သည် ရွှေဘိုမြို့မှ ခြေလျင်စစ်ကြောင်းဖြင့် ထွက်ခွာလာခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် ဘုန်းဘွဲ့ကျေးရွာ ရွှေဓားကြောင်း တောင်ဘက်မှ စိုင်နိုင်လေး ရွာဘက်သို့ လက်နက်ကြီးများ ပစ်ခတ်ဝင်ရောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ရဲဘော် သုံးဦးကျဆုံးခဲ့၍ အထူးဝမ်းနည်းပြီး စစ်ကောင်စီတပ်အား လက်တုံ့ပြန်သွားမည်ဟု BLACK WOLF – ARMY က အသိပေးသည်။
တိုက်ပွဲဖြစ်စဥ်နှင့် စစ်အုပ်စုဘက်ကထိခိုက်မှုအခြေအနေကို BLACK WOLF – ARMY က အသေးစိတ်ထုတ်ပြန်ခြင်းမရှိသေးပေ။
ရွှေဘို-မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်သည် လမ်းပိုင်းအချို့၌တပ်စွဲထားပြီး ခရီးသွားများအား ခြိမ်းခြောက်ငွေတောင်းခြင်း၊ ရွှေဘိုနှင့်ဝက်လက်နယ်များရှိ ကျေးရွာများအား စစ်ကြောင်းထိုးခြင်းများ ပြုလုပ်နေသည်။
