စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ စွမ်းအင်ဝန်ကြီး၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ညွှန်ကြားရေးမှူးချုပ် အပါအဝင် စစ်ဗိုလ်ချုပ်ဟောင်းများကို အမေရိကန်၊ ဗြိတိန်၊ ကနေဒါနှင့် သြစတြေးလျတို့က ပူးတွဲ ဒဏ်ခတ်ပိတ်ဆို့အရေးယူကြောင်း ယနေ့ ထုတ်ပြန်ကြေညာသည်။
ဗြိတိန်အစိုးရသည် မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးပေးနေသည့် ကုမ္ပဏီများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ကြောင်း ယနေ့ ကြေညာသည်။
ယခုတစ်ကြိမ် ဒဏ်ခတ်ပိတ်ဆို့မှုများက စစ်တပ်မှ အရပ်သားပြည်သူအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ ဖိနှိပ်နှိမ်နင်းမှုများ ပြုလုပ်သည်ကို ကူညီပေးနေသည့် အာရှနေ ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် နှင့် ကုန်စည်များ ချိတ်ဆက်ရေး ကုမ္ပဏီလီမိတက်တို့ကို ပစ်မှတ်ထားအရေးယူလိုက်ခြင်းဖြစ်ကြောင်း ဗြိတိန်က ထုတ်ပြန်သည်။

အဆိုပါ ကုမ္ပဏီနှစ်ခုစလုံးမှာ အာရှနေအုပ်စု၏ အစိတ်အပိုင်းများဖြစ်ကြပြီး မြန်မာနိုင်ငံ၏ လေယာဉ်ဆီကဏ္ဍကို ချုပ်ကိုင်ထားသည့် ကုမ္ပဏီများ ဖြစ်ပြီး မြန်မာ့လေတပ်အတွက် လေယာဉ်ဆီများ ဝယ်ယူတင်သွင်းနေကြသည့်ကုမ္ပဏီများထဲတွင် ပါဝင်သည်။

“ကျွန်တော်တို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အကျိုးသက်ရောက်မှု များနိုင်သမျှ များအောင် စေ့စေ့စပ်စပ် တွက်ချက်ထားပါတယ်။ ဒီလိုပိတ်ဆို့အရေးယူခြင်းအားဖြင့် မြန်မာစစ်တပ်ရဲ့ ဘဏ္ဍာငွေအရင်းအမြစ် လက်လှမ်းရရှိနိုင်မှု၊ လောင်စာဆီအရင်းအမြစ် လက်လှမ်းရရှိနိုင်မှု၊ လက်နက်နှင့် ကိရိယာ အရင်းအမြစ် လက်လှမ်းရရှိနိုင်မှုတွေကို လျော့နည်းစေမှာ ဖြစ်ပါတယ်။ အတိုက်အခံအင်အားစုတွေရဲ့ အသံတွေကို ရက်ရက်စက်စက် ဖြိုခွင်းခဲ့တာ၊ လေကြောင်းတိုက်ခိုက်မှုတွေကနေ တဆင့် အကြမ်းဖက်တာ ၊ လူ့အခွင့်အရေးကို ရှက်ရွံ့မှုမရှိ၊ ပြောင်ပြောင်တင်းတင်း ချိုးဖောက်ထားတာတွေအတွက် စစ်အစိုးရက မဖြစ်မနေ တာဝန်ခံရမှာဖြစ်ပါတယ် ” ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး James Cleverly က ပြောသည်။

အမေရိကန်၊ ဗြိတိန်၊ ကနေဒါနှင့် သြစတြေးလျ နိုင်ငံ ၄ နိုင်ငံ၏ ပူးတွဲ ဒဏ်ခတ်ပိတ်ဆို့မှုတွင် အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်၊ သတ္တူတွင်းလုပ်ငန်း (၁)၊ သတ္တူတွင်းလုပ်ငန်း (၂)၊ စွမ်းအင်ဝန်ကြီး မျိုးမြင့်ဦး၊ MOGE ညွှန်ချုပ် အောင်မင်း၊ ဒုညွှန်ချုပ် သန်းမင်း၊ ခရိုနီ ဦးတေဇ၏ သမီး ထူးထွေးတေဇ(ခေါ်) ရေချယ်တေဇ၊ ဘူးလက်လှဆွေ တို့ပါဝင်သည်။

ကနေဒါ နိုင်ငံကဒဏ်ခတ်အရေးယူမှုတွင် ရန်ကုန်တိုင်းမှူး ဗိုလ်ချုပ်ညွှန့်ဝင်းဆွေ၊စစ်ကိုင်းတိုင်းမှူးဟောင်း ဗိုလ်မှူးချုပ်သန်းထိုက်၊ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ အပါအဝင်စစ်ကောင်စီမှဗိုလ်ချုပ် နှင့် တိုင်းမှူး ၆ ဦးပါဝင်သည်။
