မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ဧရာဝတီမြစ်ကြောင်းမှ ဆန်တက်လာသော စစ်ကောင်စီတပ်အား တစ်နာရီခန့်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူခရိုင်တပ်ရင်း- (၁၀) တပ်ခွဲ- (၁) သိန်းငှက် ပြောက်ကျားတပ်ဖွဲ့ -ရေစကြိုက သတင်းထုတ်ပြန်သည်။
ဇန်နဝါရီ၂၉ရက် မွန်းလွဲ ၂ နာရီကျော်က ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ ပေါက်အူကျေးရွာအနီးတွင် ဧရာဝတီမြစ်ကြောင်းမှဆန်တက်လာသော စစ်ကောင်စီတပ်များကို မဟာမိတ်တပ်ဖွဲ့များက လက်နက်ငယ်များဖြင့် အချိန် ၄၅မိနစ်ခန့်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိန်းငှက်ပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကာ နှစ်ဦးပြင်းထန်ဒဏ်ရာရရှိကြောင်း၊ မဟာမိတ်ရဲဘော်များမှာ အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ကဆိုသည်။
အဆိုပါ စစ်ဆင်ရေးကိုသိန်းငှက်ပြောက်ကျားတပ်ဖွဲ့(ပခုက္ကူခရိုင် တပ်ရင်း – ၁၀ တပ်ခွဲ -၁ )၊ Phoenix အထူးပြောက်ကျားတပ် (ပခုက္ကူခရိုင် တပ်ရင်း – ၁၀ တပ်ခွဲ -၃)၊ ဒေါင်းညီနောင်(မန္တလေးခရိုင် တပ်ရင်း -၃ ၊ တပ်ခွဲ-တပ်ခွဲ၃)၊ Bright Star Group၊ညောင်ဦးခရိုင် တပ်ရင်း-၅ ၊ငဘ၊ရဲဘော်ညီနောင်၊ နဂါးနီ၊ YLK၊ ဗိုလ်ခြောက်ဆယ်၊ Royal Eagle စသည့် ပြောက်ကျားတပ်ဖွဲ့များဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
ထို့အပြင် ဇန်နဝါရီ၂၈ရက် နံနက်ပိုင်းကလည်း ရေစကြိုမြို့နယ်၊ ရှင်မတောင်တောင်ပေါ်မှ ထော်လာဂျီဖြင့်ဆင်းလာသော အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်အား ထန်းတိုကျေးရွာနှင့် ဘောင်ဘဲ့တန်းကျေးရွာကြားတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးကြောင်း ရေစကြို(ပကဖ)အဖွဲ့က ထုတ်ပြန်ထားသည်။
