ကချင်ပြည်နယ် ဖားကန့်မြို့တွင် ပေ(၁၀၀)ခန့်မြင့်သော ကျောက်ကမ်းပါးယံတစ်ခုပြိုကျ၍ ရေမဆေးကျောက်ရှာသူ လေးဦး သေဆုံးသွားကြောင်းဒေသခံများက ပြောသည်။
ဖားကန့်မြို့၊နမ့်မှော်ကျေးရွာရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်ဟောင်းတစ်ခုတွင် ယနေ့(ဇန်နဝါရီ ၃၀ရက်) နံနက် ၉နာရီခန့်က အထက်ပါဖြစ်စဥ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ကျောက်ကမ်းပါးယံက ပေ(၁၀၀)ခန့်မြင့်တယ်။ သူတို့ ရေမဆေးကျောက်ရှာသူလေးဦးအပေါ်ပြိုကျတာ။ လေးဦးစလုံး သေဆုံးသွားတယ်။ သူတို့က ရခိုင်ပြည်နယ်ကနေလာ အလုပ်လုပ်ကြတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဖားကန့်တွင် ရခိုင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းအပါအဝင် အနယ်နယ်အရပ်ရပ်မှ လာရောက်ပြီး ကျောက်တူးနေသူ (၂)သိန်းမှ (၃)သိန်းကြား ရှိနေသည်။ အဆိုပါ ကျောက်တူးသမားများကို စစ်ကောင်စီက အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်မှုများ ရှိခဲ့သည်ဟု ဒေသခံများကပြောသည်။
ဇန်နဝါရီ ၇ရက်က ဖားကန့်မြို့ မော်မောင်းလျန်နှင့် ဗလခမှော်အတွင်းသို့ စစ်ကောင်စီအင်အား ၃၀ခန့် ဝင်ရောက်စီးနင်းကာ ရေမဆေးကျောက် ရှာဖွေသူ လူငယ် ၂၀ဦးထက်မနည်းကို ဖမ်းဆီးသွားခဲ့သည်။
