ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းဒေသ၌ စစ်ကောင်စီတပ်က ယနေ့မနက်ပိုင်း၌ လက်နက်ကြီးများရမ်းသန်းပစ်ခတ်နေကြောင်းဒေသခံအချို့ကပြောသည်။
လုံးခင်းလယ်ပြင်ဂိတ်ကို KIAက တိုက်ခိုက်ခဲ့ကြောင်း ကချင်ဒေသ သတင်းရင်းမြစ် အချို့နှင့် ဒေသတွင်း သတင်းဌာန အချို့က ဖော်ပြထားသော်လည်း တိုက်ပွဲဖြစ်ပွားမှု ကိုPeople’s Springက သီးခြားအတည်မပြုနိုင်သေးပေ။
ဒေသခံတစ်ဦးကမူတိုက်ပွဲဖြစ်ပွားမှုမရှိဘဲစစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှု သာရှိခဲ့သည်ဟု ပြောသည်။
“ဖားကန့် လုံးခင်းမှာ တပ်စွဲထားတာ ရှိတယ် စစ်ကောင်စီပေါ့နော်။ သူတို့ စစ်တပ်ကုန်းရှိတယ်။ စစ်တပ်ကုန်းပေါ်ကနေ လျှောက်လျှောက် ပစ်နေတာတဲ့။အထိအခိုက်ကတော့ မပြောတက်သေးဘူး။ တောထဲဘက်ကို လှမ်းပစ်နေတယ်တဲ့ ရွာနောက်ကျောဘက်တွေကို။” ဟုအထက်ပါဒေသခံက ပြောသည်။
လုံးခင်း၌ နေထိုင်သူအခြားဒေသခံတစ်ဦးကလည်း “ လုံးခင်းလယ်ပြင်ဆိုတာရှိတယ်။ဘာမှတော့ မကြားဘူး ။ဒီနဲ့ဆို နီးနီးလေးလယ်ပြင်နဲ့က”ဟုပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ဖားကန့် ဆယ်ဇင်းဒေသရှိစစ်ကောင်စီလက်အောက်ခံတပ်များကို KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး စခန်းအချို့ကိုသိမ်းပိုက်၍မီးရှို့ခဲ့သည်။ ထို့အပြင် ကားမိုင်းဒေသရှိ စစ်ကောင်စီ တပ်အချို့ကိုလည်း KIAက လက်နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
