တောင်ကိုရီးယား နဲ့ ဂျပန် ကြား ပင်လယ်ပြင်မှာ မြန်မာနိုင်ငံသားတွေပါတဲ့ ဟောင်ကောင် ကုန်တင်သင်္ဘော မနေ့က နစ်မြှုပ်ရာသင်္ဘောအမှုထမ်း ၂၂ ဦးအနက် ၁၄ ဦး ကို ကယ်ဆယ်ရရှိပြီး ၂ ဦးသေဆုံးသွားတယ်လို့ AP သတင်းဌာနက ဖော်ပြပါတယ်။
နစ်မြှုပ်သွားတဲ့ ကုန်တင်သင်္ဘောပေါ်မှာ အမှုထမ်း ၂၂ ဦးပါပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ရာမှာ ၁၄ ဦးကို ကယ်ဆယ်နိုင်ခဲ့တာပါ။
အဲဒီ ၁၄ ဦးထဲက ၉ ဦးဟာ သတိမေ့မြောနေပြီး အသေအပျောက်စာရင်းကို တောင်ကိုရီးယား အာဏာပိုင်တွေက ချက်ချင်းအတည်ပြုမပြုပါဘူး။
အဲဒီနောက် ဆေးဝါးကုသမှု ပေးရမယ့် သင်္ဘောအမှုထမ်း ၁၀ ဦးကို ဂျပန်နိုင်ငံတောင်ပိုင်း နာဂါဆာကီမြို့ကို လေယာဉ်နဲ့ ခေါ်ယူသွားခဲ့ပေမယ့် ဆိုက်ရောက်ချိန်ရာမှာပဲ သေဆုံးသူ ၂ ဦးရှိခဲ့တယ်လို့ ဂျပန်အာဏာပိုင်တွေက အတည်ပြုပါတယ်။
ရှာဖွေကယ်ဆယ်လို့ရတဲ့ ၁၄ ဦး နဲ့ အဲဒီအထဲက သေဆုံးသွားသူ ၂ ဦးဟာ ဘယ်နိုင်ငံသားတွေ ဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
ကနဦးသတင်းတွေအရ သင်္ဘောပေါ်မှာ တရုတ်နိုင်ငံသား ၁၄ ဦးနဲ့မြန်မာနိုင်ငံသား ၈ ဦးပါတယ်လို့သိရပါတယ်။
လက်ရှိအချိန်ထိ ၈ ဦးပျောက်ဆုံးနေဆဲဖြစ်ပြီး ဂျပန် နဲ့တောင်ကိုရီးယား ကမ်းခြေစောင့်သင်္ဘောတွေ ၊ လေယာဉ်တွေအပြင် ကုန်တင်သင်္ဘော ၂ စင်းကလည်း ဆက်လက်ရှာဖွေနေဆဲလို့ AP ကဖော်ပြပါတယ်။
ဒါပေမယ့် ပင်လယ်ပြင်မှာ ရာသီဥတု ပြင်းထန်လို့ ရှာဖွေကယ်ဆယ်ရေးနှောင့်နေးနေတယ်လို့ တောင်ကိုရီးယားအာဏာပိုင်တွေက ပြောထားပါတယ်။
တန်ချိန် ၆,၅၅၁ တန် သယ်ဆောင်လာတဲ့ ဟောင်ကောင် ကုန်တင်သင်္ဘော Jin Tian ဟာ တောင်ကိုရီးယား ဂျယ်ဂျုကျွန်းကနေ တောင်ဘက် မိုင် ၉၃ ခန့်အကွာ ၊ ဂျပန် နာဂါဆာကီရဲ့ အနောက်တောင် ဘက် မိုင် ၁၀၀ ခန့်အကွာ ပင်လယ်ပြင်မှာ နစ်မြှုပ်ခဲ့တာပါ။
