▪︎မိုးတားလေးတိုက်နယ်အတွင်းတိုက်ပွဲများဆက်လက်ဖြစ်
ကသာမြို့နယ်၊ မိုးတားလေးကျေးရွာကို စစ်ကောင်စီကဇန်နဝါရီလ ၁၉ရက်တွင်လည်းလေကြောင်းမှ ထပ်မံတိုက်ခိုက်ခဲ့ပြီး မိုးတားလေးတိုက်နယ်အတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။
ဇန်နဝါရီ ၁၈ ရက် ညနေက မိုးတားလေးရွာအတွင်း ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၇ ဦးသေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရခဲ့ပြီးနောက် စစ်တပ်က လေယာဥ်ဖြင့်ရွာအတွင်း ၂ ရက်ဆက်ဗုံးထပ်ကြဲခဲ့ခြင်းဖြစ်သည်။

“မိုးတားကို မနေ့က မနက်တစ်ကြိမ်၊ နေ့ခင်းနဲ့ ညနေမှာတစ်ကြိမ်စီ လေကြောင်းကနေ ဗုံးလာကြဲတယ်။ဒေသခံတွေက ရွာမှာ မနေရဲကြတော့ လူထိခိုက်မှုတော့မရှိဘူး။ တိုက်ကုန်းကျေးရွာရဲ့ တောထဲမှာတော့ စစ်ကောင်စီစစ်ကြောင်းရှိနေပါတယ်”ဟု ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ပြောသည်။
လာရှိုးဘက်မှ လာသည်ဟုယူဆရသောစစ်ကောင်စီ လေယာဥ်များမှာ ဇန်နဝါရီ ၁၉ ရက်နေ့လည် ၁၂ နာရီ ၂၄ မိနစ် တွင်တစ်ကြိမ်၊ ညနေ ၃ နာရီ ၇ မိနစ်တွင်တစ်ကြိမ်၊ ညနေ ၅ နာရီ ၁၀ မိနစ်တွင်တစ်ကြိမ် ဗုံးကျဲခဲ့ခြင်းဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်သည်။
တိုက်ပွဲသည် မိုးတားလေးရွာတွင် ဖြစ်နေခြင်းမဟုတ်ဘဲ ရွာနှင့် ၅ မိုင်ဝေးသောနေရာ၌ဖြစ်ပွားနေသော်လည်း စစ်ကောင်စီတပ်က ရွာကိုပစ်မှတ်ထားကာ လေကြောင်းမှတိုက်ခိုက်နေခြင်းဖြစ်သည်ဟု ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။ မိုးတားလေးတိုက်နယ်အတွင်းပါဝင်သော တိုက်ကုန်းကျေးရွာတွင် ဇန်နဝါရီ ၁၈ရက်ကနံနက်က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။
ထိုတိုက်ပွဲတွင် စစ်ကောင်စီအထိနာပြီးနောက်ဇန်နဝါရီ ၁၈ ရက် ညနေပိုင်းတွင် မိုးတားလေးကျေးရွာကို လေကြောင်းမှ ပထမဆုံးအကြိမ် လာတိုက်ခိုက်ခဲ့သည်။ ဇန်နဝါရီလ ၁၈ ရက်ညနေက အဆိုပါလေကြောင်းတိုက်ခိုက်မှုတွင် ဒေသခံပြည်သူ ၇ဦးသေဆုံးပြီး ၃၀ဦးထက်မနည်း ဒဏ်ရာခဲ့သည်။

” မိုးတားလေးတိုက်နယ်မှာ ကျေးရွာအုပ်စု ၁၁စု ရှိတယ်။ ကျွန်တော်တို့ရဲ့ တော်လှန်ရေးကို မိုးတားတိုက်နယ်ကနေ စတင်ခဲ့တယ်။ ဒါကြောင့်လည်း စစ်ကောင်စီက အညိုးတကြီးတိုက်နေတာ။ ဒါပေမယ့် အခုလို အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်လေ လူထုက ရွံရှာလေပဲ။အခုဆို လူထုက ကျွန်တော်တို့ကို ပိုပြီး ပူးပေါင်းပေးပါတယ်” ဟု ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
ယနေ့ (ဇန်နဝါရီ ၂၀ရက်)နံနက်ပိုင်းတွင်တိုက်ကုန်းကျေးရွာအနီး၌ KIA၊ ABSDF ၊PDFများပါဝင်သော မဟာမိတ်အဖွဲ့နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်။ယမန်နေ့က တိုက်ပွဲဖြစ်ခဲ့သော အလယ်ကျွန်းရွာကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။

” စစ်ကောင်စီက အစွမ်းကုန်ယုတ်မာနေတာ။လူထုကတော့ တော်တော်ကိုရွံရှာနေပြီ။ တော်လှန်ရေးအောင်တဲ့အထိ ကျွန်တော်တို့နဲ့ တသားတည်းရှိမယ်လို့ ပြောကြပါတယ်” ဟု ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှရဲဘော်တစ်ဦးကပြောသည်။
ကသာမြို့ခံတစ်ဦးက””တော်လှန်ရေးအောင်ရင်ပြီးပြီ။ အရာရာ အသစ်ကနေပြန်စတင်မယ်” ဟုပြောသည်။
