ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေအတွင်း စစ်ကောင်စီတပ်က ကျေးရွာများကို ပစ်မှတ်ထားပြီး လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း KNUက ယနေ့ သတင်းထုတ်ပြန်သည်။
ဇန်နဝါရီ ၃ရက်မှ ဇန်နဝါရီ ၁၇ရက်အတွင်း ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများသို့ လက်နက်ကြီး ၃၁လုံး ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
ခလယ်တူရယ်၊ ဃဲဒဲကျေးရွာ ၊ ပကော်ခီး၊ ကျို့ကုန်း၊ သရေးစီလော်၊ မတောကူး၊ သေဂေါ်ဒဲ ကျေးရွာနှင့် ရွှေပေါက်ကံ စသည့် ကျေးရွာများသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့သည်ဟုဆို ထုတ်ပြန်သည်။

ထိုသို့ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ပြီး ဒေသခံပြည်သူလူထု၏ နေအိမ်အချို့ ပျက်စီးခဲ့သည်ဟု ဖော်ပြထားသည်။

ထို့ပြင် ဒေသတွင်းရှိ ကျေးရွာများမှ ပြည်သူလူထု ၂,၅၆၆ ဦး ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ထုတ်ပြန်သည်။
လက်နက်ကြီးပစ်ခတ်ခဲ့သည့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှာ KNU ညောင်လေး ပင်ခရိုင်၌ တပ်စွဲထားသည့် ခလရ-၁၂၄၊ ခလရ-၆၀၊ ခမရ-၃၅၁နှင့် ခမရ-၄၃၉ တို့ဖြစ်သည်ဟု ဆိုသည်။
