စစ်ကောင်စီစစ်တပ် (ခမရ – ၄၃၄)မှ တပ်သားချစ်ကောင်းသည် လက်နက်နှင့်အတူ အလင်းဝင် လာကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ (၅) က ယနေ့ သတင်းထုတ်ပြန်သည်။
တပ်သား ချစ်ကောင်းသည် ဇန်နဝါရီ ၁ရက် တွင် MA-1 တစ်လက်၊ ကျည်ဘောက်နှစ်ခု၊ ကျည်ဆံ များနှင့်အတူ လက်နက်ချအလင်းဝင် လာခြင်းဖြစ်သည်ဟု ဖော်ပြသည်။
စစ်ကောင်စီ ခေါင်းဆောင်များနှင့် တပ်ဖွဲ့ဝင်များအားလုံးက ပြည်သူလူထု၏ အခွင့်အရေးကို ဆန့်ကျင်ချိုးဖောက်နေခြင်းကြောင့် KNLAတပ်မဟာ(၅)ထံ လက်နက်ချခဲ့ခြင်းဖြစ်သည်ဟု တပ်သားချစ်ကောင်း၏ ပြောကြားချက်ကို ဖော်ပြထားသည်။
ထို့ပြင် စစ်ကောင်စီခေါင်းဆောင်ပိုင်းက ငယ်သားများအပေါ် အနိုင့်ကျင့်ခြင်း၊အပြင်သွားလာခွင့်မပြုခြင်း၊ စားသောက်ရေး၌ အခက်အခဲကြုံရခြင်းများ ရှိသည်ဟု အဆိုပါ တပ်သားက ပြောကြားသည်။
အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားကို ကောင်းမွန်စွာကြိုဆိုလက်ခံခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ပေးခဲ့ကြောင်း KNLA တပ်မဟာ(၅) က ထုတ်ပြန်သည်။
