ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်ပုံကျေးရွာကို ယနေ့(ဇန်နဝါရီ ၁ရက်) ညနေ ၆နာရီမှစတင်ကာ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။
“တိုက်ပွဲမဖြစ်ဘဲ ရမ်းပစ်နေတာပါ။ လက်နက်ကြီး နှစ်လုံးကျတယ်။ အိမ်တွေကို ခဲတွေလာစင်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
မဇွပ်ယန်ကျေးရွာရှိ အကျဥ်းထောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ယခုကဲ့သို့ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်နေခြင်းဟု ယင်းဒေသခံက ဆိုသည်။
ဒီဇင်ဘာ ၃၀ရက် ညနေ ၂နာရီခန့်ကလည်း မှော်ပုံကျေးရွာသို့ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ လူနေအိမ်နှင့် ဘုရားကျောင်းပေါ်ကျရောက်ပေါက်ကွဲခဲ့သည်။ ယင်းဖြစ်စဥ်တွင် အရပ်သားတစ်ဦး သေဆုံးပြီး ကလေးငယ်နှစ်ဦးအပါအဝင် ငါးဦးဒဏ်ရာရခဲ့သည်။
