စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မရဲစခန်းအပါအဝင် စစ်အုပ်စုရှိရာနေရာများကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း(၁၆) တပ်ခွဲ(၁)Brother Defense Force အဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့(ဒီဇင်ဘာ ၃၁ ရက်) ည ၁၀နာရီအချိန်ခန့်က ဆားလင်းကြီးမြို့မရဲစခန်းနှင့် မြို့ပေါ်ရှိ စစ်ကောင်စီအုပ်စု တည်ရှိနေရာများကို တာဝေးပစ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Brother Defense Force အဖွဲ့က အသိပေးသည်။
စစ်ကောင်စီတပ်၏ တည်နေရာများကို အတိအကျ ပစ်ခတ်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုကို မသိရသေးဟု ဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို ယင်းမာပင်ခရိုင်တပ်ရင်း(၁၆) တပ်ခွဲ(၁)Brother Defense Force အဖွဲ့၊ဆားလင်းကြီးသမန်းကျားပြောက်ကျားတပ်ဖွဲ့နှင့် အခြားမဟာမိတ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ မဟာမိတ်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ Brother Defense Force ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
ဆားလင်းကြီးမြို့ပေါ်ရှိ စစ်ကောင်စီတပ်များအား ဒေသကာကွယ်ရေးအဖွဲ့များက မကြာခဏ လာရောက်တိုက်ခိုက်နေပြီး စစ်အုပ်စုထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။
