နှစ်သစ်ကူးည မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ် မြို့နယ်ထဲက စားသောက်ဆိုင်တစ်ဆိုင်မှာ လူငယ်တွေအချင်းများနေချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်လာပြီး လူငယ် ၁ ဦးကို သေနတ်နဲ့ပစ်ခတ်လို့ သေဆုံးသွားပါတယ်။
အခင်းဖြစ်တဲ့ဆိုင်ဟာ ပြည်ကြီးတံခွန်မြို့နယ် ၊ဇ ရပ်ကွက် ၊ ၁၃၃ လမ်း၊ ၆၀ ( D ) လမ်းနဲ့ ၆၀ (E) လမ်းကြားမှာရှိတဲ့ Bar Mega စားသောက်ဆိုင်ဖြစ်ပါတယ်။
အဲဒီဆိုင်မှာ နှစ်သစ်ကူးည ၁၀ နာရီဝန်းကျင် လူငယ်အချို့ အချင်းများနေချိန် စစ်ကောင်စီတပ်က ရောက်လာပြီး ပစ်ခတ်ရာ သေနတ် ၂ ချက် မှန်ပြီး လူငယ် ၁ ဦးသေဆုံးသွားတာလို့ စုံစမ်းသိရပါတယ်။
ဖြစ်စဉ်ကို စစ်တပ်လော်ဘီ လူမှုကွန်ရက်တွေမှာတော့ လူငယ် ၂ ဦး စားသောက်ဆိုင်မှာ ဆဲဆို ရမ်းကားတယ်ဆိုတဲ့သတင်းအရ သွားရောက်ထိန်းသိမ်းရာ အမည်မသိ အမျိုးသား က တပ်ဖွဲ့ဝင်တွေကို ဝင်ရောက်ထိုးကြိတ် သေနတ်လုရာမှာ ကျည်ထွက်ပြီး ရင်ဘတ်မှန်ကာ သေဆုံးသွားတာလို့ ဖြန့်ဝေနေတာတွေ့ရပါတယ်။
သေဆုံးသွားသူလူငယ်ဟာ ညာဘက် ရင်အုံကို သေနတ် ၂ ချက်ထိမှန်ခဲ့တယ်လို့သိရပါတယ်။
