စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ဘုတလင်မြို့သို့ထွက်ခွာလာသော စစ်ကောင်စီတပ်အား မုံရွာ – ဘုတလင် လမ်းမကြီးပေါ်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦးသေဆုံးကြောင်း Chindwins Brothers အဖွဲ့ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။
ယမန်နေ့(ဒီဇင်ဘာ ၃၀ ရက်) မွန်းလွဲ ၁၂ နာရီခွဲခန့်က မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ အင်အား ၆၃ဦးဖြင့် ဘုတလင်မြို့သို့ ထွက်ခွာလာသော စစ်ကောင်စီတပ်သားများအား ဘုတလင်မြို့အနီး မြို့၏တောင်ဘက် (၁)မိုင်ခန့်အကွာ သားရိုးကုန်းရွာအရှေ့ဘက်အရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာပြင်းထန်ရရှိသွားသည်ဟု ဒေသသတင်းအမြစ်အရ သိရကြောင်း Chindwins Brothers အဖွဲ့ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။
သေဆုံးသွားသော စစ်သားကို ဘုတလင်သုဿန်၌ နေ့ချင်းသင်္ဂြိုလ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ မိုင်းကွင်းသည် လွန်ခဲ့သောတစ်လကျော်ကတည်းက မဟာမိတ်အဖွဲ့များ ပူးပေါင်း၍ မိုင်းအလုံး ၂၀ ဖြင့် ဆင်ထားခဲ့သော်လည်း ရက်ကြာမြင့်မှုကြောင့် မိုင်းကြိုးများပြတ်နေသဖြင့် မိုင်းအားလုံး မကွဲခဲ့ရခြင်းဖြစ်ကြောင်း အထက်ပါ တာဝန်ခံက ပြောသည်။

စစ်ဆင်ရေးအား ဗိုလ်တိုက်မောင်းပြောက်ကျားတပ်ဖွဲ့၊ တပင်ရွှေထီးဆံရှည် ပြောက်ကျားတပ်ဖွဲ့၊ Anonymous Heros ပြောက်ကျားတပ်ဖွဲ့နှင့် ဒေသခံ ပကဖ ဦးဆောင်ကာ ချိုမိုင်မိုင်(ယင်းမာပင်-ကနီ)နှင့် Chindwins Brothers မဟာမိတ်အဖွဲ့များပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။
မဟာမိတ်တပ်ဖွဲ့များသည် ရှိသည့်လက်နက်ဖြင့် စစ်ကောင်စီတပ်အား တိုက်ခိုက်သွားမည်ဟု Chindwins Brothers အဖွဲ့က အသိပေးထားသည်။
