ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပခဲ့သည့် Thai Fight 100 years Nakornban ပြိုင်ပွဲတွင် ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့သည့် ကယန်းတိုင်းရင်းသူ ‘ဗယ်ရိုနီကာ’အား အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ယူဝမ်းမြောက်ကြောင်း ယနေ့ မှတ်တမ်းတင် ဂုဏ်ပြုခဲ့သည်။

ကယန်းတိုင်းရင်းသူ ‘ဗယ်ရိုနီကာ’သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်က ထိုင်းဘုရင့်ဖလား Thai Fight Royal Cup Champion ပြိုင်ပွဲတွင် ဂရိလက်ဝှေ့မယ် မွေထိုင်းချန်ပီယံ ဖီနီပီလွန်ပီကို သုံးချီ အလဲထိုးအနိုင်ယူပြီး ချန်ပီယံဆု ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။
‘ဗယ်ရိုနီကာ’ သည် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံ ရွှေတံဆိပ်ဆုရှင်တစ်ဦး ဖြစ်ပြီး ပြိုင်ဖက် ဂရိလက်ဝှေ့မယ်က ကမ္ဘာ့ချန်ပီယံကိုးကြိမ် ရရှိထားသည့် ဝါရင့်လက်ဝှေ့မယ် တစ်ဦးဖြစ်သည်။
ဗယ်ရိုနီကာသည် ယခုနှစ်အတွင်း မွေထိုင်းလက်ဝှေ့ပြိုင်ပွဲ (၁၀)ပွဲထိုးသတ်ခဲ့ရာ (၉)ပွဲ အနိုင်ရပြီး (၁)ပွဲသာ ရှုံးနိမ့်ထားသည်။
