မြိတ် – ပုလောလမ်းပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်က အဆိုပါ ကားလမ်းမဘေးရှိ ကျေးရွာကို မီးရှို့ဖျက်ဆီးနေသည်။
စစ်ကောင်စီစစ်ကြောင်းတစ်ခုသည် ယနေ့(ဒီဇင်ဘာလ ၃၀ရက်)နေ့လယ်တွင် ပုလောမြို့နယ်၊တိုရွာသို့ရောက်ရှိလာကာ မီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်။
“တိုရွာကို မီးရှို့နေပြီ။ ရွာဘက်ကနေ မီးခိုးလုံးတွေတက်လာနေတယ်။ စ…(စစ်ကောင်စီတပ်သား)တွေက မဲမဲမြင်ရာ လိုက်ကိုက်နေတာ”ဟု ပုလောမြို့ခံတစ်ဦးက ပြောသည်။
တိုရွာသည် မြိတ် – ပုလောလမ်းပိုင်းဘေးတွင် တည်ရှိသည်။ တိုရွာနှင့် တစ်ရွာကျော်တွင်ရှိသော တပိုကျေးရွာတွင် ယမန်နေ့(ဒီဇင်ဘာလ ၂၉ရက်)ညနေက စစ်ကောင်စီယာဥ်တန်းမိုင်းခွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဆိုသည်။ အဆိုပါ စစ်ကောင်စီယာဥ်တန်းကို King Cobra Force (တောကြီးမြွေဟောက်အဖွဲ့)က ပဒေသာမိုင်းဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
