ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်နေရပြီး အမျိုးသမီးတစ်ဦးလက်နက်ကြီးကျည်ထိ
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းတွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့်ပစ်ခတ်နေ၍ ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယနေ့(ဒီဇင်ဘာ ၁၇ ရက်)နံနက် ၁၀ နာရီခန့်က ရေဦးမြို့ပေါ်မှ အင်အား၆၀ခန့်ပါ စစ်ကောင်စီတပ်သည် ယာဥ်နှစ်စီးဖြင့် ကုက္ကိုစု၊ ရွာသာလေးကျေးရွာဘက် ထွက်လာခဲ့သည်။ ထိုစစ်ကောင်စီတပ်သည် ဒီပဲယင်းအရှေ့ခြမ်းကျေးရွာများသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။




အဆိုပါပစ်ခတ်မှုကြောင့် ဒီပဲယင်းအရှေ့ခြမ်း ညောင်လှကျေးရွာထဲသို့ လက်နက်ကြီး ခုနစ်ချက်ခန့်ကျရောက်ခဲ့ပြီး အသက်(၄၀)အရွယ် ဒေသခံအမျိုးသမီးတစ်ဦး ခြေထောက်ထိမှန်ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် ဒေသခံပြည်သူအများအပြားလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
“စစ်ကောင်စီတပ်က ရေဦးနယ် ကုက္ကိုစုရွာကနေ ဒီပဲယင်းနယ် ညောင်လှကျေးရွာဘက်ကို ၁၂၀ မမ နဲ့ အချက် ၂၀ကျော် ထုခဲ့တယ်။”ဟု ဗိုလ်ကျားကြီးအဖွဲ့က ပြောသည်။



ထိုသို့ ပစ်ခတ်ခံရသော ညောင်လှကျေးရွာသည် ယခုလအစောပိုင်းအတွင်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုများကြောင့် နေအိမ် ၂၀၀ခန့် မီးလောင်ဆုံးရှုံးခဲ့ရသည်။
ဒီပဲယင်းမြို့နယ်တွင် ဒီဇင်ဘာ ၂ ရက်မှ ၁၂ ရက်အထိ ၁၀ရက်အတွင်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာ ၁၈ရွာရှိ အိမ်ပေါင်း ၁၆၀၀ ကျော်မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံအဖွဲ့များက ပြောသည်။
