မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးတွင် ခရီးသည်တင်ယာဉ်နှစ်စီး တိုက်မိပြီး ခရီးသည်ခုနစ်ဦးသေဆုံးကာ ၁၄ ဦးဒဏ်ရာရခဲ့ကြောင်း လူမှုကယ် ဆယ်ရေးအဖွဲ့များက ပြောသည်။
ခရီးသည်များတင်ဆောင်လာသော အန်စာတုံးယာဉ်နှစ်စီးသည် မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီး ကွမ်းသီးခြံအဆင်းနေရာတွင် ယနေ့(အောက်တိုဘာ ၃၀ရက်)ညနေ ၃နာရီ ၄၀မိနစ်ခန့်က တိုက်မိခဲ့ခြင်းဖြစ်သည်။

“အမျိုးသားသုံးဦး၊ အမျိုးသမီးလေးဦး သေဆုံးတယ်။၁၄ဦးဒဏ်ရာရတယ်။ ဒဏ်ရာရသူတွေကို ဆေးရုံပို့ထားတယ်”ဟု ကူညီကယ်ဆယ်ရေးလုပ် နေသူတစ်ဦးက ပြောသည်။
မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီး ကွမ်းသီးခြံအဆင်းနေရာသည် ယာဉ်တိုက်မှုမကြာခဏဖြစ်တက်သည့်နေရာ ဖြစ်သည်။
အောက်တိုဘာ ၅ရက်ကလည်း မော်လမြိုင်မြို့မှ”ပွင့်နေခြည်” ဇာတ်အဖွဲ့ယာဉ် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးရှိ ကွမ်းသီးခြံအဆင်းနေရာတွင် တိမ်းမှောက်ခဲ့ပြီး လူအချို့သေဆုံးဒဏ် ရာရခဲ့သည်။
