ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ဂွစျေးအနီးတွင် ယနေ့ (ဒီဇင်ဘာ ၁၉) ညပိုင်းက ဗုံးတွေ့ရှိသည်ဟုဆိုကာ စစ်ကောင်စီဝင်များက လမ်းများပိတ်ဆို့ပြီး ဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။
ယနေ့ညပိုင်း ၇နာရီခွဲဝန်းကျင်က စမ်းချောင်းမြို့နယ် ဗဟိုလမ်းနှင့် ပုသိမ်လမ်းထိပ်၊ ဂွစျေးအနီး အမှိုက်ပုံးတွင် စည်ပင်ဝန်ထမ်းများ ဗုံးတွေ့ရှိဟုဆို၍ စစ်ကောင်စီဝင်များ ရောက်ရှိလာပြီး ဗုံးအားဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း စမ်းချောင်းမြို့နယ်နေ ပြည်သူတစ်ဦးက ဆိုသည်။
” ည ၇နာရီခွဲလောက်က စည်ပင်ဝန်ထမ်းတွေက အမှိုက်ပုံးမှာ ဗုံးတွေ့လို့ဆိုပြီး ရဲကိုလှမ်းအကြောင်းကြားတယ်။ ရဲနဲ့ စစ်သားတွေက ရောက်လာပြီးလမ်းတွေပိတ်၊ စျေးဆိုင်တွေ သိမ်းခိုင်းပြီး ဗုံးကို ဖောက်ခွဲလိုက်တာပါ။ အသံတော်တော်ကျယ်တယ်။ လူတွေက ထွက်ကြည့်တော့လဲ စစ်သားတွေက လှမ်းဆဲဆိုနေသေးတယ်”ဟု ၎င်းက ပြောသည်။
အများပြည်သူများ သွားလာနေသည့် နေရာတွင် ဗုံးထောင်ခြင်း၊ ဖောက်ခွဲရန် ကြံစည်ခြင်းမှာ စစ်ကောင်စီ၏ လုပ်ရပ်သာ ဖြစ်ကြောင်း ရန်ကုန်မြို့ခံ တစ်ဦးက မှတ်ချက်ပြုခဲ့သည်။
“ဂွစျေးလိုမျိုး ပြည်သူတွေပဲလာတဲ့ နေရာမျိုးကို ဗုံးလာထားတယ်ဆိုကတည်းက စစ်တပ်ရဲ့ လက်ချက်ပဲ ဖြစ်နိုင်ပါတယ်။ နောက်ပြီး ဗုံးတွေ့တော့လဲ လွတ်ရာကို သယ်မသွားဘဲလမ်းလယ်မှာပဲ ဗုံးကို ဖောက်ပစ်လိုက်တယ်။ ဒါကတမင် PDFတွေက ပြည်သူတွေကို ဗုံးထောင်ပါတယ် ဆိုပြီး လုပ်ကြံဇာတ်လမ်းထွင်တာပဲ ထင်ပါတယ်”ဟု ၎င်းက ပြောသည်။
စစ်ကောင်စီသည် ယင်းကဲ့သို့ ပြည်သူများကို ထိခိုက်စေသည့် ဗုံးများထောင်၍ PDFများ ပြုလုပ်သည်ဟုလွှဲချရန် စီစဥ်နေသည့်အတွက် ပြည်သူလူထုအနေဖြင့် အသွားအလာ သတိထားကြရန်လည်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်း တော်လှန်ရေးအင်အားစုက သတိပေးသည်။
ယမန်နေ့ (ဒီဇင်ဘာ ၁၈) ညနေပိုင်းကလည်း ရန်ကုန်မြို့ရှိ ပန်းဆိုးတန်းမှ ဒလမြို့သို့ ကူးသန်းပြေးဆွဲသည့် ချယ်ရီကူးတို့ သင်္ဘောပေါ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပြည်သူ ၁၇ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
