တနင်္သာရီတိုင်း ပုလောမြို့နယ်တွင် မူးယစ်ဆေးဝါးများနှင့် ဖြန့်ဖြူးရောင်းချသူများကို ဖမ်းဆီးရမိခဲ့ကြောင်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF)က ယနေ့(ဒီဇင်ဘာ ၁၉ ရက်) ထုတ်ပြန်သည်။
မူးယစ်ဆေးဝါး ပပျောက်စေရန်အတွက် လက္ကူးကျေးရွာရှိ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူများကို ဒီဇင်ဘာ ၁၇ရက် ညပိုင်တွင်စတင်ဖမ်းဆီးမှု ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
“ကျွန်တော်တို့ ဒေသတွင်းမှာ မူးယစ်ဆေးနဲ့ ပတ်သက် လို့က မသုံးဖို့၊မရောင်းဖို့ အကြိမ်ကြိမ် သတိပေးထားပြီးသား ဖြစ်တယ်။အခု ဖမ်းတဲ့ကိစ္စမှာလည်း သတိပေးထားပြီးသား။မူးယစ်ဆေးဝါးကတော့ ဘယ်လိုမှ လက်ခံလို့မရဘူး”ဟု PRDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြော သည်။





မူးယစ်ဆေးဝါးများ နှိမ်နှင်းမှုတွင် ဖြန့်ဖြူးရောင်းချနေသော အသက် (၄၅)နှစ်အရွယ်ရှိ ဦးဖိုးထောင် ဆိုသူနှင့် အသက်( ၅၃ )နှစ်အရွယ်ရှိ ဦးကုလားတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း အသိပေးသည်။
အလားတူ ၎င်းတို့ထံမှ WY- (၆၀၁)လုံး၊ ဘိန်းစာမုန့် (၄၆) ထုပ်၊ ကျပ် ၂သိန်းကျော် ၊ ဆိုင်ကယ် တစ်စီး နှင့် ဖုန်းသုံးလုံးတို့ကို သိမ်းဆည်းရရှိခဲ့သည်။
၎င်းတို့ နှစ်ဦးကို အခြေနေအရ ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ပြီး ကျန်ရှိသော မူးယစ်ဆေးဝါး အရောင်းအဝယ် ပြုလုပ်နေသော သူများကိုလည်း သတိပေးတားမြစ်ခဲ့ကြောင်း PRDF က ဆိုသည်။
ဖမ်းဆီးရရှိသည့် မူးယစ်ဆေးဝါးများကို မီးရှိူ့ဖျက်ဆီးခဲ့ပြီး၊ ကျန်ရှိသည့် သိမ်းဆည်းပစ္စည်းများကို တော်လှန်ရေးအတွက် လိုအပ်သောနေရာများတွင် အသုံးပြုသွားမည်ဟု ဖော်ပြသည်။
