တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့နှင့် ပဝတ်ကုန်းရွာများသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကိုပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုက တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ဦးခန့်သေဆုံးခဲ့ကြောင်း တနသာ်ရီတိုင်းစစ်ဒေသခွဲမဟာမိတ်တပ်ပေါင်းစုကသတင်းထုတ်ပြန်သည်။
ပုလောမြို့၊ ကဒဲကျေးရွာအနီးတွင်နိုဝင်ဘာ ၂၅ ရက်နေ့လယ်ပိုင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ၅ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုကြား လေးနာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ နှစ်ဦးမှာလည်း မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း ကာကွယ်ရေးတပ်များကပြောသည်။

ထိုတိုက်ခိုက်မှုကို မြိတ်ခရိုင်တပ်ရင်း(၁) နှင့် ဒေသခံကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုများက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အလားတူ နိုဝင်ဘာ ၂၅ ရက် ညနေ ၇နာရီခွဲခန့်က ပုလောမြို့အခြေစိုက် စစ်ကောင်စီ၏ ၂၈၅ တပ်ရင်းကို ပူရိယက္ခညီနောင်စစ်ကြောင်းနှင့် ဒေသခံကာကွယ်ရေးတပ်များက RPG ဧ၄၀ မမတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
“ပုလောတော်လှန်ရေးသမိုင်းသစ်ကို ပထမဆုံးရေးထိုးခဲ့ခြင်းဖြစ်ပြီးပုရွက်ဆိတ်များအင်အားကြီးလျှင် မြွေကို သတ်နိုင်သည် ဟူတဲ့ စကားအတိုင်း ပုလောတော်လှန်ရေးသမိုင်းမရိုင်းစေဖို့ စစ်ရေးတိုက်ခိုက်မှုကြီးများမကြာမှီလာမည်”ဟု ပူရိယက္ခညီနောင် စစ်ကြောင်းမှူးဗိုလ်ဝေလကပြောသည်။
ပုလောမြို့အခြေစိုက် စစ်ကောင်စီတပ်ကိုပစ်ခတ်တိုက်ခိုက်မှုတွင် သေဆုံးမှုမရှိကြောင်း ဝမ်းနည်းဖွယ်ရာပြန်လည်ကြားသိရသည်ဟုလည်း ပူရိယက္ခစစ်ကြောင်းကအသိပေးသည်။
ထိုသို့ ညနေပိုင်းတိုက်ခိုက်မှုကို KNDOဦးစီးသည့် ပူရိယက္ခညီနောင်စစ်ကြောင်းနှင့်အတူ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) ၊ မိုးကြိုးအဖွဲ့၊ Ghost Rangerအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
