လွန်ခဲ့တဲ့ ၉ လကျော်က ရန်ကုန်မြို့ ၊မရမ်းကုန်းမြို့နယ်အတွင်း ဗကသကျောင်းသားတွေ ခိုလှုံရာ နေအိမ် ဝင်ရောက်စီးနင်းခံရပြီး ဖမ်းဆီးခံရသူတွေထဲက ၃ ဦးကို စစ်ကောင်စီက ဒီဇင်ဘာလ ၁၅ ရက်မှာ ထောင် ၃ နှစ်စီချလိုက်ပါတယ်။
ဒီနှစ် ဖေဖော်ဝါရီလ ၂၅ ရက် ညနေပိုင်းက မရမ်းကုန်းမြို့နယ်ထဲက နေအိမ် ကို စစ်ကောင်စီတပ်ကဝင်စီးခဲ့ပြီး အခြေခံပညာကျောင်းသားများသမဂ္ဂ – အကသ (ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌ ဟောင်း ကိုညီမင်းသူကိုနေရာမှာတင်ပစ်သတ်ခဲ့ပါတယ်။
အဲဒီဖြစ်စဉ် ဗကသကျောင်းသား ၈ ဦး လည်း ဖမ်းခံရပါတယ်။
ဖမ်းခံရသူတွေထဲပါဝင်တဲ့ မိန်းကလေးငယ် ၄ ဦးဟာ အသက်မပြည့်သေးလို့ ပြန်လည်လွတ်လာတယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၊ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဦးစီးပြီး ထုတ်ဝေတဲ့အိုးဝေစာစောင်က ဖော်ပြပါတယ်။
ဆက်လက်ဖမ်းဆီးခံရသူ ၄ ဦးအနက် ၃ ဦးကို ဒီဇင်ဘာလ ၁၅ ရက် က အင်းစိန်ထောင်တွင်းတရားရုံးမှာ ထောင်ချလိုက်တာလို့ အိုးဝေစာစောင်က ဆိုထားပါတယ်။
ထောင်ချခံရသူ ၃ ဦးဟာ ကိုသူရိန်ဝင်း၊ ကိုကျော်ရဲထက်၊ ကိုနေဇင်ဝင်း တို့ဖြစ်ပြီး အင်းစိန်ထောင်တွင်း အထူးတရားရုံးက ပုဒ်မ ၅၀၅ – က နဲ့ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်တာပါ။
ဝင်ရောက်စီးနင်းမှုအတွင်း ပစ်သတ်ခံရတဲ့ ကိုညီမင်းသူရဲ့အလောင်းကိုတော့ စစ်ကောင်စီက မိသားစုကိုပြန်ထုတ်ပေးတာမရှိဘူးလို့သိရပါတယ်။
