ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် (၉)မိုင် တော်ဝင်လမ်းရှိ စစ်ကောင်စီ ဆက်သွယ်ရေးတပ် အိမ်ထောင်သည် လိုင်းခန်းအား ယမန်နေ့ (အောက်တိုဘာ ၁၂) ညဦးပိုင်း၌ အဝေးထိန်းဗုံးတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း War of Hunter Revolution Force (WOH) အဖွဲ့ တာဝန်ထံ ဗိုလ်တွတ်ပီက ပြောသည်။
ယင်းဖောက်ခွဲတိုက်ခိုက်မှုကြောင့် ပျက်ဆီးမှု ထိခိုက်မှု အတိအကျ မသိရသေးသော်လည်း အဖွဲ့သားများ ဘေးကင်းလုံခြုံစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း WOH အဖွဲ့ကထုတ်ပြန်သည်။
လမ်းထောင့်စစ်ကောင်စီကင်းရုံးနှင့်နီးကပ်သည့်အတွက် ဖောက်ခွဲတိုက်ခိုက်ပြီးနောက်အဖွဲ့ဝင်များ အမြန်ဆုတ်ခဲ့ကြောင်း ဗိုလ်တွတ်ပီကပြောသည်။ပေါက်ကွဲပြီးခဏအကြာတွင်စစ်ကောင်စီတပ်သားများ ရောက်လာကြကြောင်း ၎င်းကဆက်ပြောသည်။
မရမ်းကုန်းမြို့နယ်နေ ပြည်သူတစ်ဦးကလည်း ” ၉ မိုင်ဘက်မှာ ပေါက်ကွဲသံ တစ်ချက်တော့ ကြားလိုက်ရတယ်။ အသံအရမ်းတော့ မကျယ်ဘူး။ ဆက်သွယ်ရေးတပ်ဘက်မှာ ပေါက်တာ လို့တော့ သိရပါတယ်။လူထိခိုက်မှုရှိ ၊မရှိတော့မသိပါဘူး ” ဟု ပြောသည်။
ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မရမ်းကုန်း ၂ ရပ်ကွက် ကုလားကျောင်းမှတ်တိုင်အနီးတွင် စစ်ကား ၃ စီးခန့် ရပ်၍ ဖြတ်သွားဖြတ်လာ ကားများနှင့် လမ်းသွားလမ်းလာ ပြည်သူများကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။
” ည ၈ နာရီခွဲကျော်လောက်က ဗုံးပေါက်သံ ကြားရပြီးမရမ်းကုန်း ၂ ရပ်ကွက်မှာ ဖြတ်သွားတဲ့ ကားတွေကို လမ်းပိတ်ပြီး စစ်နေတာ တွေ့ရတယ်။ အခု ၉ နာရီခွဲလောက်ကလည်း ဦးဘဟန်လမ်းထဲမှာ စစ်သားတွေ အများကြီး ရောက်နေပြီး ပတ်စစ်နေတယ်လို့ ကြားပါတယ် ” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။
WOHအဖွဲ့သည် ယခုနှစ် သြဂုတ်လတွင် အရှေ့ဒဂုံEPC ရုံး ၊မြောက်ဒဂုံထွေအုပ်ရုံး ၊စက်တင်ဘာလ တွင် အင်းစိန်ရှိCID ရုံး ၊ ပြည်လမ်းနှင့်မင်းဓမ္မလမ်းထောင့် ၁၀ မိုင်ရှိဘတပ်မတော်အရာရှိရိပ်သာ ၊မဂ်လာဒုံမြို့နယ်ရှိ စစ်ကောင်စီလေတပ်ဂိတ် စသည်တို့ကိုလည်း အဝေးထိန်းမိုင်းများဖြင့် တိုက်ခိုက်ခဲ့သည်။
