ပြည်သူ့စစ် တပ်စခန်းဟောင်းကို KIA မီးရှို့ဖျက်ဆီး
ကချင်ပြည်နယ် ဖားကန့် မြို့နယ် ရှဒူးဇွပ်အခြေစိုက် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့၏ ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့နံနက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်ဟု KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

KIA အမှတ်(၂) တပ်မဟာအမှတ်(၄၃) တပ်ရင်းနယ်မြေ နန့်ဖျက်ကျေးရွာနှင့် ကောင်ရာကျေးရွာအကြား၌ ဒီဇင်ဘာ ၁၇ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ် ယာဉ်တန်းကို KIAက နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ရှဒူးဇွပ်စစ်ကောင်စီတပ် ခလရ (၂၉၇)နှင့် ပြည်သူ့စစ်ပူးပေါင်းတပ် အင်အား ၁၀၀ ခန့်ပါဝင်သည့်အဖွဲ့သည် စစ်အင်အားနှင့် စစ်လက်နက် အသုံးအဆောင်များ တင်ဆောင်ကာ လှုပ်ရှားလာစဉ် KIAက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ထိခိုက်မှုရှိခဲ့ပြီး လက်နက်ကြီးများဖြင့် အနီးဝန်းကျင်သို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြ သည်။

အလားတူ KIA အမှတ်(၁၄)တပ်ရင်းနယ်မြေ တနိုင်းမြို့နယ် လမုန်ကျေးရွာရှိ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်၏ တပ်စခန်းဟောင်းတစ်ခုကို ဒီဇင်ဘာ ၁၆ရက်ညပိုင်းတွင် KIA တပ်ဖွဲ့က သွားရောက်မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဖော်ပြထားသည်။
