ဖားကန့်တွင်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ကပြန်ဆုတ်ခွာစဥ် လူသားတံတိုင်းအဖြစ်ဖမ်းဆီးသွားသည့် ဒေသခံ ပြည်သူ ၂၁ဦးအနက် ၁၁ဦးသာ ပြန်လွတ်မြောက်လာသေးပြီး ၁၀ဦးကို ဖမ်းဆီးထားဆဲဖြစ်ကြောင်းဒေသခံများကပြောသည်။
ဖားကန့်မြို့ မှော်ပုံကျေးရွာတွင်စစ်ကောင်စီတပ်ကအင်အားရာနှင့်ချီ ဖြည့်တင်း၍စစ်ကြောင်းထိုးလာရာ ဒီဇင်ဘာလ ၅ရက်ညမှစ၍ တိုက်ပွဲဖြစ်ခဲ့ပြီး ဒီဇင်ဘာလ ၆ရက်တိုက်ပွဲတွင် စစ်ကောင်စီတပ်က မှော်ပုံကျေးရွာဘုန်းကြီးကျောင်းမှ စစ်ဘေးရှောင် ပြည်သူ ၂၁ဦးကို လူသားတံတိုင်းပြုလုပ်ကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်းဒေသများကပြောသည်။
“၁၁ ဦးပြန်လွတ်လာတယ်။ ဆယ်ယောက်အဖမ်းခံထားရတုန်းပဲ။ သူတို့အတွက် စိတ်ပူနေရတယ်။ ဘာသတင်းမှ မရသေးဘူး” ဟုမှော်ပုံကျေးရွာဒေသခံတစ်ဦးကယနေ့(ဒီဇင်ဘာလ ၈ရက်) ပြောသည်။
PDF ဟုဖမ်းဆီးစွပ်စွဲကာဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ကလေးငယ်နှင့်လူကြီးများကိုပြန်လွှတ်ပေးသော်လည်း လူငယ်ပိုင်း အမျိုးသား ၄ ဦးနှင့်အမျိုးသမီး ၆ ဦးကိုဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။
မှော်ပုံကျေးရွာ ဘုန်းကြီးကျောင်းတွင် အထိုင်ချတပ်စွဲရန် ကြိုးစားခဲ့သည့် စစ်ကောင်စီတပ်ကို KIA ၊ PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်အထိနာပြီးပြန်လည်ဆုတ်ခွာသွားခဲ့ရခြင်းဖြစ် သည်။ ဒီဇင်ဘာ ၆ ရက်ညကတိုက်ပွဲတွင် စစ်ကောင်စီက လက်နက်ကြီးအများအပြားအသုံးပြု၍ တိုက်ခိုက်ခဲ့သော်လည်း KIA ၊ PDF ပူးပေါင်းအဖွဲ့က အကောင်းဆုံးတုန့်ပြန်တိုက်ခိုက်နိုင်ခဲ့သည်ဟု ဒေသခံများက ချီးကျုးနေကြသည်။
မှောိပုံရွာဘုန်းကြီးကျောင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဆယ်နှင့်ချီ သေဆုံးခဲ့ပြီး KIA/PDF ပူးပေါင်းအဖွဲ့မှ ၂ ဦးကျဆုံးခဲ့ကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်များကပြောသည်။ စစ်ကောင်စီတပ်အထိနာသွား၍ တိုက်ပွဲများအချိန်မရွေး ဖြစ်နိုင်ကြောင်းလည်းဒေသခံအချိူ့ကပြောသည်။
ဖားကန့် ကျေးရွာအချို့တွင်ယမန်နေ့(ဒီဇင်ဘာလ ၇ရက်)ညကလည်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။ သို့သော်ယနေ့နံနက်တွင်မူ ပစ်ခတ်သံများငြိမ်သက်နေသည်ဟု ဒေသခံများကပြောသည်။
