ချင်းပြည်နယ် တီးတိန်မြို့အနီးတွင် စစ်ကောင်စီတပ်ကို ယနေ့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်(PDF) ဇိုလဲန်း(Zoland)တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဒီနေ့တော့ တိုက်ပွဲရှိတယ်။ တီးတိန်နဲ့ မိုင်ဝက် တောင်မရှိတဲ့ ဆဲဇာန်မှာ ။ အထိအခိုက်တော့ ကျွန်တော်တို့ဘက်မှာ မရှိဘူးလို့ပဲပြောရမှာ။ ဗုံးစတော့နည်းနည်းထိတာရှိတယ်။သူတို့ဘက်ကတော့ ထိခိုက်မှုရှိမယ်လို့ပြောတယ်။ ကျွန်တော်တို့လည်း မြေပြင်မှာ မရှိတော့ အတိအကျ အတည်မပြုနိုင်သေးဘူး။ အထိအခိုက်များမယ်လို့ပဲသိရတယ်”ဟု ၎င်းက ဆိုသည်။

တီးတိန်မြို့နယ် ဆဲဇာန်ကျေးရွာစာသင်ကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၁၆ရက် နံနက် ၁၁နာရီခွဲခန့်တွင် ဒေသကာကွယ် ရေးတပ်ဖြစ်သော PDF Zoland နှင့် CDF CDM Siyin တို့ ပူးပေါင်းကာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု CDF CDM Siyin က ထုတ်ပြန်ထားသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှအကျအဆုံးရှိကာ အမြောက်အများ ဒဏ်ရာရကြောင်း ဖော်ပြထားသည်။ ဒေသကာကွယ်ရေးဘက်မှ တစ်ဦး လက်နက်ကြီးထိမှန်ခဲ့သည်ဟု ထုတ်ပြန်ခဲ့ပြီး မစိုးရိမ်ရကြောင်း အသိပေးထားသည်။
အဆိုပါ စစ်ကောင်စီတပ်သည် တီးတိန်မြို့အခြေစိုက် ခလရ (၂၆၉)မှဖြစ်ပြီး အင်အား ၄၀ခန့် ပါဝင်ကြောင်း၊ ဒီဇင်ဘာ ၁၅ရက် ညနေပိုင်းတွင် ဆဲဇာန် ရွာသို့ ခြေလျင်ဖြင့်ချီတက်လာပြီး စာသင်ကျောင်း၌ ညအိပ်နေရာယူထားစဉ် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
