▪︎လက်နက်ကြီးခုနစ်လုံးဖြင့်ထုရာ(၁၀)ဦးခန့်ဒဏ်ရာရဟုဆို
ထီးလင်းမြို့နယ်အတွင်း လှည့်လည်၍ နေအိမ်များကို မီးရှို့၊ လုယက်သတ်ဖြတ်လျှက်ရှိသောစစ်ကောင်စီတပ်စစ်ကြောင်းကိုကင်းထောက်အဖွဲ့မှစနိုက်ဘာဖြင့်ပစ်ခတ်တိုက်ခဲ့ကြောင်းယောတော်လှန်ရေးတပ်(YRA) ကပြောသည်။
ထီးလင်းမြို့အထိုင်တပ်နှင့် ရွှေအောင်သာအထိုင်တပ် ရောထွေးစစ်ကြောင်းသည် ယနေ့(ဒီဇင်ဘာ ၁၄)နေ့လယ် ၂ နာရီ ၁၀ မိနစ်ခန့်က ညောင်ဟောင်းကျေးရွာအနီးရောက်လာစဥ် YRA(ထီးလင်း)၏ တပ်ရင်း (၃)၊တပ်ခွဲ (၁) ကင်းထောက်ရဲဘော်တစ်ဦးမှ အနီးကပ်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ ဒီနေ့တိုက်ခိုက်မှုက တိုက်ပွဲအကြီးကြီး ဖြစ်တာမျိုး မဟုတ်ဘူးဗျ။ စစ်ကြောင်းအလာကိုစောင့်ပြီး ကင်းထောက်ရဲဘော်က ရိုင်ဖယ်စနိုက်ဘာနဲ့ ပစ်ခဲ့တာ”ဟု YRA(ထီးလင်း)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
ကင်းထောက်ရဲဘော်၏ စနိုက်ဘာဖြင့် ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးသွားပြီး ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်မှ ပြန်လည်မပစ်ခတ်မီ YRA တပ်ဖွဲ့က လက်နက်ကြီးခုနစ်လုံးဖြင့် ထပ်မံပစ်ခတ်တိုက်ခဲ့ကြောင်း အထက်ပါရဲဘော်က ရှင်းပြသည်။စစ်ကောင်စီတပ်သေဆုံးဒဏ်ရာရမှုအခြေအနေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။
လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်မှ (၁၀) ဦးခန့် ထိခိုက်ဒဏ်ရာရသွားပြီး ထမ်းစင်နှစ်ခု ကျောပိုးနှစ်ခုဖြင့် သယ်၍ အောင်းရွာဘက်သို့ တပ်ပြန်ဆုတ်သွားရာ ထိခိုက်သူများတွင် အရာရှိပါနိုင်ကြောင်း YRA က ခန့်မှန်းသည်။
