ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်၏ ထောက်ပို့ရထားကို ဒီဇင်ဘာ ၁၃ရက်ညပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု တပ်မဟာ(၁)မှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မှူးတစ်ဦးက ပြောသည်။
ဒီဇင်ဘာ ၁၃ရက်ည ၇နာရီခန့်က စစ်ကောင်စီ၏ ထောက်ပို့ရထားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“မိုင်းနဲ့ဆွဲတော့ ရထားသုံးတွဲပျက်သွားတယ်။ တချိန်တည်းမှာ သူ့ရဲ့စစ်ကူရောက်လာတယ်။ အထိအခိုက်ကတော့ တော်တော်များတယ်လို့ ပြောတယ် စကစတွေ။ သူကကျည်တွေ လက်နက်ခဲယမ်းမီးကျောက်တွေ သယ်လာတဲ့ရထား။ စစ်တပ်အင်အားက ၄၀ လောက်ပါလာတယ် အဲဒီမှာ”ဟု KNLA တပ်မှူးက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂၀ခန့်သေဆုံးခဲ့သည်ဟု ၎င်းက ဆိုသည်။
KNU တပ်မဟာ(၁)နယ်မြေ၌ စစ်ကောင်စီတပ်များကို တိုက်ခိုက်မှုများ တောက်လျှောက်လုပ်ဆောင်လျက်ရှိရာ ယနေ့(ဒီဇင်ဘာ ၁၅ရက်) နံနက်အစောပိုင်း၌ စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်ဟု KNLA တပ်မှူးက ပြောသည်။
“ညက ၁နာရီလောက်မှာလည်း ဘီးလင်းမြို့နယ် ညောင်ထောက်ဘက်မှာ ထိတွေ့မှုတစ်ခုဖြစ်တယ်။ အဲဒီမှာနှစ်ဖက်လုံးတော့ ထိခိုက်မှုရှိတယ်လို့ သိရတယ်။ ဘယ်လောက်ထိခိုက်မှုရှိတယ်ဆိုတာ မသိရဘူး”ဟု KNLA တပ်မှူးက ပြောသည်။
